ကျိုက်ထီးရိုးတွင် ဘုရားဖူးများ များပြားနေ၍ ညလုံးပေါက်အဆင်းကားများ စီစဉ်ပေးထား

By ကျော်စွာထွန်း၊ အဂ္ဂနွန်
30 December 2018
ကျိုက်ထီးရိုးတွင် ဘုရားဖူးများ များပြားနေ၍ ညလုံးပေါက်အဆင်းကားများ စီစဉ်ပေးထား

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ။           ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရားတောင်ပေါ်တွင် နှစ်သစ်ကူးရုံးပိတ်ရက်များ၌ ဘုရားဖူးများ အလွန်ပြည့်ကြပ်များပြားနေ၍ ပြန်ဆင်းလိုပါက ညလုံးပေါက်အဆင်းကားများ စီစဉ်ပေးထားကြောင်း ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ကော်မတီဝင် ဦးထွန်းမြင့် က ပြောသည်။

“ လူဦးရေ ခန့်မှန်းမရတော့ဘူး။ ၂ သိန်း၊ ၃ သိန်းမကတော့ဘူး။ ရင်ပြင်တော်တစ်ခုလုံး ကျဉ်းကြပ်သွားပြီး တောက်လျှောက် နေရာတိုင်း လူပိတ်နေတယ်။ တည်းခိုခန်း၊ အဆောင်တွေ၊ ထမင်းဆိုင်တွေ အကုန်လုံး ပြည့်နေတယ်။ မုဆိုးဘုရားလမ်း ကျီးပါးစပ်လမ်း အကုန်လုံးကြပ်နေတယ်။ နေရာတိုင်းလူပြည့်နေတယ်။ တစ်ခါမှ ဒီလိုမရှိခဲ့ဘူး။ နေစရာမရှိတော့၊ တည်းစရာလည်း မရှိတော့ဘူး။ ကျိုက်ထီးရိုးသမိုင်းမှာတော့ ဒီလောက်များတဲ့လူ တစ်ခါမှ မတွေ့ခဲ့ဘူး ” ဟု ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ကော်မတီဝင် ဦးထွန်းမြင့် က ပြောသည်။

လက်ရှိအချိန်တွင် ဘုရားဖူးလာသည့်ဧည့်သည်များအနေဖြင့် ဘုရားဖူးပြီးလျှင် တောင်ခြေသို့ ပြန်ဆင်းကြရန် ဂေါပကအဖွဲ့မှ ညွှန်ကြားထားပြီး ရင်ပြင်ပေါ်တွင် လမ်းလျှောက်ရန်ပင် ပြည့်ကြပ်နေသည့် အခြေအနေဖြင့် ကြုံတွေ့နေရကြောင်း ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ကော်မတီဝင်က ဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ နံနက်ပိုင်းမှ ညနေ ၆ နာရီအချိန်အထိ ဘုရားတောင်တက်ကားဂိတ်မှ စေတီရင်ပြင် တော်ထိ ဘုရားဖူးဧည့်သည်များဖြင့် လမ်းပိတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းကဲ့သို့ စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျိဳက်ထီးရိုးသို့ လာရောက်သော ဦးရေမှာ သိန်းဂဏန်းခန့် ရှိပြီး ယူခုနှစ် ဒီဇင်ဘာ ၂၉ နှင့် ၃၀ သည် အစိုးရ ရုံးပိတ်ရက်ဖြစ်သော စနေနှင့်တနင်္ဂနွေဖြစ်ပြီး ၃၁ နှင့် ၁ ရက်သည် နှစ်သစ်ကူး ရုံးပိတ်ရက်များ ဖြစ်သော ကြောင့် ယခုနှစ် ခရီးသွားဘုရားဖူးများ များပြားနေခြင်း ဖြစ်သည်။

 

ကျိုက်ထီးရိုးဘုရားသည် ရန်ကုန်နှင့် မိုင် ၁၃၀ ခန့် ကွာဝေးပြီး တစ်နှစ်လျှင် ဘုရားဖူးဦးရေ သိန်း ၂၀ ကျော်ခန့် လာရောက်ကြောင်း  စာရင်းမှတ်တမ်းများအရ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly