လူမျိုးရေးနှင့် ပတ်သက်သည့် မှတ်ချက်စကားအပေါ် ထုခြေရှင်းလင်းရန် မလေးရှားက တရုတ်သံအမတ်ကို ဆင့်ခေါ်

လူမျိုးရေးနှင့် ပတ်သက်သည့် မှတ်ချက်စကားအပေါ် ထုခြေရှင်းလင်းရန် မလေးရှားက တရုတ်သံအမတ်ကို ဆင့်ခေါ်

ကွာလာလမ်ပူ၊ စက်တင်ဘာ-၂၉ ။      ။ နိုင်ငံ၏ တရုတ်လူနည်းစုအား ဆန္ဒပြသူများက ပြစ်တင်ရှုတ်ချခဲ့ကြသည့် မကြာသေးမီက အစိုးရလိုလားသည့် စုရုံးချီတက်ပွဲ နောက်ဆက်တွဲအနေဖြင့် လူမျိုးရေးနှင့် ပတ်သက်သော အငြင်းပွားဖွယ် မှတ်ချက်စကားကို ထုခြေရှင်းလင်းချက်ပေးရန် မလေးရှားက စက်တင်ဘာ ၂၉ရက်နေ့တွင် တရုတ်သံအမတ်အား ဆင့်ခေါ်ခဲ့သည်ဟု   အေအက်ဖ်ပီ သတင်းတစ်ရပ် တွင်ဖော်ပြထားသည်။

ယခုလအစောပိုင်းက မလေးတိုင်းရင်းသား သဘောထားတင်းမာသူများက တရုတ်နွယ်လူ့အသိုင်းအဝိုင်းကို ဆန့်ကျင်သည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့သောကြောင့် လူမျိုးစုံနိုင်ငံတွင် လူမျိုးရေးပဋိပက္ခဖြစ်ပွားမည့် စိုးရိမ်သောကများ ပေါ်ထွက်ခဲ့ရာ ကွာလာလမ်ပူ၏ တရုတ်ရပ်ကွက်သို့ ပေကျင်းသံအမတ် ဟွမ် ဟူကန်းက စက်တင်ဘာ ၂၅ရက်နေ့က သွားရောက်လည်ပတ်ခဲ့သည်။

ထိုသို့ သွားရောက်လည်ပတ်စဉ်အတွင်း ဟွမ်က ''တရုတ်အစိုးရက အကြမ်းဖက်မှုကို ဆန့်ကျင်တယ်။ လူမျိုးရေးခွဲခြားတဲ့ ဘယ်ပုံစံကိုမဆို ဆန့်ကျင်တယ်။ အစွန်းရောက်ဝါဒရဲ့ ဘယ်ပုံစံကိုမဆို ဆန့်ကျင်တယ်''ဟု The Star သတင်းစာသို့ ပြောကြားခဲ့သည်။

ဟွမ်၏ မှတ်ချက်စကားမှာ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို မစွက်ဖက်သည့် တရုတ်၏ မူဝါဒနှင့် ဖီလာဆန့်ကျင်နေသောကြောင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းလင်းချက်ပေးရန် သံအမတ်အား ဆင့်ခေါ်ခဲ့ရသည်ဟု ဆိုသည်။

နယူးယောက်တွင် ရောက်ရှိနေသည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး အနီဖာ အာမန်ကမူ ကွာလာလမ်ပူအစိုးရအနေဖြင့် တရုတ်သံအမတ်၏ မှတ်ချက်စကားကို စကားပြန်မှားခဲ့ သလားဆိုသည်ကို သေချာစေလိုသော ဆန္ဒရှိသည်ဟု ပြောကြားခဲ့သည်။ တရုတ်သံအမတ် ဟွမ်နှင့် ခေတ္တနိုင်ငံခြားရေးဝန်ကြီး ဟမ်ဇာ ဇိုင်နတ်ဒင်းတို့ စက်တင်ဘာ ၂၈ရက်နေ့တွင် တွေ့ဆုံခဲ့သည်။

The Star သတင်းစာတွင် ဖော်ပြချက်အရ မလေး-တရုတ် ဆက်ဆံရေးကို တိမ်းချော်သွားစေနိုင်သည့် ဖြစ်ရပ်များကို ဆန့်ကျင်ပြောကြားရန် ပေကျင်းအနေဖြင့် ကြောက်ရွံ့နေလိမ့်မည်မဟုတ်ကြောင်းလည်း ဟွမ်က ပြောကြားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly