အလီဘာဘာနဲ့ ခိုးသားလေးဆယ်ရေတံခွန်ကြီးဆီသို့

အလီဘာဘာနဲ့ ခိုးသားလေးဆယ်ရေတံခွန်ကြီးဆီသို့

အမှန်တကယ်တော့ နာရီဝက်လောက်အချိန်ကြာသွားလို့သာ ကားရှိရာ ကတ္တရာလမ်းဆီပြန်လာခဲ့ရပေမယ့် ကျနော့်စိတ်က ကျေနပ်ခြင်းမရှိလှသေးပါဘူး။ ကတ္တရာလမ်းရှိရာ ကုန်းမြင့်ဆီပြန်လျှောက်လာရင်းက ကြောဘက် ကွင်းပြင်တွေဆီ ယူကလစ်ပင်တောအုပ်ဆီ ခဏခဏ ပြန်ပြန်ကြည့်ရပါသေးတယ်။ အဝါရောင် တောရိုင်းနေကြာပန်းခင်းတွေနဲ့ ယူကလစ်ပင်တန်းတောအုပ်က တကယ့်ကို ပန်းချီကားတွေ တန်းစီထောင်ထားသလိုပါပဲ။

တကိုယ်လုံးကပ်ငြိနေတဲ့ မြက်သီးတွေ ပြောင်စင်တဲ့အထိ ခွါမချတော့ဘဲ ကားပေါ် ကျနော်တက်လိုက်ပါတယ်။ ကားရှေ့ခန်းထဲဝင်ထိုင်တော့ ကားဆရာလေးက စိုင်းထီးဆိုင်ရဲ့မောင့်လပြည့်ဝန်းသီချင်းနဲ့ ကျနော့်ကို ဆီးကြိုလိုက်ပါတယ်။

လမ်းဘေးကနေပြီး ကတ္တရာလမ်းပေါ် ကားတက်လာတာနဲ့တပြိုင်နက် ကျနော်က ကားလမ်းဘေးနှစ်ဘက် နေကြာပန်းပင်တန်းကို ဗီဒီယိုစပြီးရိုက်ပါတယ်။ စိုင်းထီးဆိုင်ရဲ့သီချင်းသံကလည်း ကျနော့်ကိုကိုင်လှုပ်လိုက်ပါတယ်။

ခေါင်မိုးက….သပြေဒိုးရွာအလွန်ကြတော့ ကားကလေးက ညာဘက်ကိုချိုးတဲ့ မြေနီလမ်းကလေးပါ်ချိုးဆင်းလိုက်ပါတယ်။ လမ်းလည်းနည်းနည်း ကြမ်းလာပါတယ်။ ဖုံလည်းထူလာပါတယ်။ ကားနောက်ခန်းမှာလိုက်ပါလာရတဲ့ ဆရာမရှားရိုဖေါနဲ့ တူမလေး ရှင်ဂွမ်းဂွိတို့ကို ဖုန်ထူတဲ့လမ်းအတိုင်းလာရတာမို့ အားနာနေမိပါတယ်။ ရှေ့ကလာတဲ့ကားကိုရှောင်တဲ့အခါနဲ့ နောက်ကားက ကျော်တက်တဲ့အခါ ကားဆရာလေးက ကားအရှိန်လျှော့ပြီး ဖုန်လွတ်အောင် အတတ်နိုင်ဆုံးကားကို ထိန်းပြီးမောင်းရှာပါတယ်။

မြေနီလမ်းက အသွားအလာ သိတ်မရှိသေးလို့ တချို့နေရာတွေမှာ ချိုင့်တော်တော်ထူပါတယ်။ တချို့နေရာတွေမှာ လမ်းကျဉ်းလို့ ဘေးမှာလည်း သစ်ပင်တောအုပ်ထူလို့ မျက်နှာချင်းဆိုင်ကားကိုရှောင်တဲ့အခါ ခဏရပ်ပြီးရှောင်ခဲ့ကြရပါတယ်။ ကျနော်ကတော့ ရှေ့မှာတွေ့ရမယ်ဆိုတဲ့ ဘန့်ဘွေးကျင်းရေတံခွန်ဆိုတာကို သိတ်ပြီးစိတ်မဝင်စားသလိုဖြစ်နေပါတယ်။ နောက်မှာကျန်နေခဲ့တဲ့ ဗျတ္တတောင်ကုန်းနဲ့ နေကြာပန်းခင်းတွေ၊ လမ်းဘေးနှစ်ဘက် တန်းစီနေတဲ့ နေကြာပန်းတွေကိုပဲ နောက်ဆံတင်းနေမိပါတယ်။

နာရီဝက်ကျော်ကျော်မောင်းသွားတော့ ဒေသအခေါ် ဗြုံးကျောက်တောင်လို့ခေါ်တဲ့နေရာ ရောက်လာပါတယ်။ တောင်ကုန်းမမြင့်တမြင် နှစ်ခုသုံးခု တခြမ်းစီမြေဖြိုချထားတာ တွေ့ရပါတယ်။ လမ်းခင်းဖို့ ဖြိုချထားတာလို့ဆိုပါတယ်။ ဒါပေမယ့် ကျောက်တောင်မြေသားတွေက ထုံးကျောက်လို အဖြူရောင်များနေလို့ မြင်ကွင်းကဆန်းသလိုဖြစ်နေပါတယ်။

တနေရာရောက်တော့ သစ်သားတံတားလေးတစ်ခုတွေ့ရပါတယ်။ ဒီတံတားလေးပေါ်ကပဲ လူစီးမှန်လုံကားကြီးတွေဖြတ်နေကြရတယ်လို့ ကားဆရာလေးက ပြောပြပါတယ်။ ဒါတောင်မှ ဒီနှစ်မှအသစ်ဖေါက်တဲ့ တံတားလို့လည်းပြောပြပါတယ်။ ရေအိုင်တချို့ကိုလည်းတွေ့ရပါတယ်။ မြေသားက အနီရောင်သက်သက်ဖြစ်နေပါတယ်။ ဒီနေရာဟာ လူသွားလူလာ သိတ်မရှိသေးဘူးနဲ့တူတယ်လို့ ကျနော်ကပြောတော့ မနေ့တုန်းက လပြည့်နေ့ ဒီရေတံခွန်ကို ကားအစီး ၅၀၀ ကျော်လာသွားတယ်ဆရာကြီးလို့ ကားဆရာလေးကပြန််ပြောပါတယ်။ ဒီ ရေတံခွန်ဟာ တချိန်တုန်းက စစ်မက်ဖြစ်ပွားတတ်တဲ့နေရာဖြစ်လို့ အပြင်ကလူတွေ သိတ်ပြီးလာလည်လေ့မရှိခဲ့ဘူး၊ အခုမှ ရေတံခွန်ဆီ လူတွေဖြိုင်ဖြိုင်လာကြတာ သုံးနှစ်လောက်ပဲရှိသေးတယ်လို့ ကားဆရာလေးက ရှင်းပြပါတယ်။ ဒါပေမယ့် အခုအထိတော့ နိုင်ငံခြားသားခရီးသည်တွေ ရေတံခွန်ဆီလာခွင့်မပြုသေးဘူးလို့လည်း သိရပါတယ်။

ကမ္ဘာ့အကြီးဆုံးရေတံခွန်နှစ်ခုကိုလည်း ပြန်တွေးမိလာပါတယ်။ ဂွန်ဂိုနိုင်ငံက အင်ဂါရေတံခွန်နဲ့ ကနေဒါန်ိုင်ငံက ကမ္ဘာကျော် နိုင်ဂါရာရေတံခွန်ပါ။ ဒီရေတံခွန် ၂ ခုအနက် ကျနော်က ဂွန်ဂိုက အင်ဂါရေတံခွန်ကို ပိုပြီးသဘောကျမိတယ်။ သူက လူတွေပြုပြင်မွန်းမံ လှအောင်လုပ်ထားတာနည်းပြီး ကနေဒါနိုင်ငံက နိုင်ဂါရာရေတံခွန်ကတော့ လူတွေက ရေတံခွန်ဝန်းကျင်လှပအောင်ပြုပြင်ကြ ဟော်တယ်တွေဆောက်ကြနဲ့ သူ့မူရင်း သဘာဝအရလှတဲ့အခြေအနေကို ပျက်စီးစေတယ်ထင်လို့ အင်ဂါရေတံခွန်လောက် ကျနော် မကြိုက်မိပါဘူး။

အခု နောင်ချိုက အဲဒီ ဘန့်ဘွေးကျင်းရေတံခွန်ဟာ မြန်မာပြည်ရဲ့ အကြီးဆုံးရေတံခွန်ဖြစ်တယ်လို့ ပြောတဲ့သူကလည်းပြောပါတယ်။ အသေအချာတော့ မလေ့လာခဲ့ရပေမယ့် ဒေသခံတွေကတော့ လာရောက်လည်ပတ်သူ အချိန်တိုအတွင်း တော််တော်များလာနေတယ်လို့ဆိုပါတယ်။ ငြိမ်းချမ်းနေပြီဖြစ်လို့ နိုင်ငံခြားသားခရီးသည်တွေကို လာခွင့်ပြုစေချင်ကြပါတယ်။

ကျနော်ကတော့ ကိုယ်တိုင်မမြင်ရသေးလို့ ဘန့်ဘွေးကျင်းရေတံခွန်ရဲ့အခြေအနေကို မျက်မြင်အားဖြင့် ဘယ်လိုမှ သဘောထားမပေးနိုင်သေးပါဘူး။ နိုင်ငံခြားသားခရီးသည်တွေလာရောက်လည်ပတ်နိုင်လောက်အောင် ဆွဲဆောင်မှုရှိတဲ့ရေတံခွန် ဖြစ်နိုင်ပါရဲ့လား။ သံသယဖြစ်ခဲ့ပါတယ်။

ရုတ်တရက် အတွေးကိုဖြတ်လိုက်တော့ ကားက ဘယ်ဘက်ကိုချိုးတဲ့ ဖုန်တထောင်းထောင်း စိုက်ခင်းဘေးကလမ်းထဲ မောင်းဝင်လိုက်ပါတယ်။ လမ်းချိုးထိပ်မှာ ထမင်းဆိုင်ဆိုင်းပုတ်လေးကို တွေ့ခဲ့ရပါတယ်။

ရှေ့မှာ ရေတံခွန်ရောက်ပြီဆရာကြီးလို့ ကားဆရာလေးကပြောလိုက်တော့ ကျနော်က ကားရှေ့ကိုကြိုပြီး ကမန်းကတန်းလှမ်းကြည့်မိပါတယ်။ သစ်ပင်ခတ်အုပ်အုပ်တစ်ခုရဲ့ဘေးက ထိုးထွက်လိုက်တဲ့အခါကြမှာ ကွင်းငယ်တစ်ခုအစပ်မှာ ခရီးသည်ကား ဆယ်စီးလောက်နဲ့ မော်တော်ဆိုင်ကယ်တော်တောများများ တန်းစီရပ်ထားတာတွေ့ရပါတယ်။

ရပ်ထားတဲ့ ကားတွေနားရောက်တော့ လူနှစ်ယောက် ကျနော်တို့ဆီပြေးလာပါတယ်။ အနားရောက်မှ ယာဉ်ရပ်နားခ ထိန်းသိမ်းခ ငွေ ၅၀၀၀ လာတောင်းကြလို့ ပြောကြပါတယ်။

ကျနော်က ယာဉ်ရပ်နားခက စျေးကြီးလိုက်တာလို့ တွေးလိုက်မိပါတယ်။

(ဆက်လက်ဖတ်ရှုပါရန်..)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly