သထုံ လေးဆူဓါတ်စံရွှေစာရံစေတီတော် ရောင်တော်ဖွင့်အထိမ်းအမှတ် မြို့လုံးကျွတ်နိဗ္ဗာန်စျေးပွဲတော် ကျင်းပ

သထုံ လေးဆူဓါတ်စံရွှေစာရံစေတီတော် ရောင်တော်ဖွင့်အထိမ်းအမှတ် မြို့လုံးကျွတ်နိဗ္ဗာန်စျေးပွဲတော် ကျင်းပ

သထုံ ၊ ဒီဇင်ဘာ ၊ ၃၀ ။        ။ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီး ရောင်တော်ဖွင့် အထိမ်းအမှတ် အဖြစ် ဆဋ္ဌမအကြိမ်မြောက် မြို့လုံးကျွတ် ဓါတ်တော်ရောင်ခြည်တော် ကွန့်မြူးမှုပူဇော်ပွဲနှင့် မဟာနိဗ္ဗာန် စျေးပွဲတော်ကြီးကို ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက စေတီတော်မြတ်ကြီးဝန်းကျင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ကနေစပြီးတော့ စေတီတော်မြတ်ကြီးရဲ့ နေရာအတော်များများ မှာ ဓါတ်တော်တွေ၊ ရောင်ခြည်တော်တွေ ကွန့်မြူးခဲ့တာကို မြို့သူမြို့သားတွေက ရက်အတန်ကြာ ဖူးမျှော်ကြည်ညို ခွင့်ရခဲ့ကြတယ်။ အဲကနေစပြီး ပူဇော်သည့်အနေနဲ့ပေါ့။ မြို့သူမြို့သားတွေ စုပေါင်းပြီး ယခုလို မဟာနိဗ္ဗာန်စျေးပွဲ တော်ကို နှစ်စဉ်ကျင်းပလာတာဆိုရင် ဆဋ္ဌမအကြိမ်မြောက် ရှိပါပြီ” ဟု ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ပြောသည်။

နိဗ္ဗာန်စျေးပွဲတော်တွင် မြို့နယ်အတွင်းရှိ စေတနာရှင်များက စတုဒီသာဆိုင်ခန်းပေါင်း ၁၀၀ ကျော်ခန့်ဖြင့် စားသောက်ဖွယ်ရာမျိုးစုံ ကျွေးမွေးလှူဒါန်းသည့်အပြင် မွန်၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှု ယိမ်းအဖွဲ့ များမှ ကပြဖျော်ဖြေခဲ့ကြပြီး ရပ်ဝေးရပ်နီးမှ ပွဲတော်လာပရိသတ်များက တပျော်တပါး ဝင်ရောက် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

“ ဒီလိုပွဲတော်က ဒေသခံတွေအတွက် ပီတိလည်းဖြစ်၊ ကုသိုလ်လည်းရကြမှာ။ စတုဒီသာမဏ္ဍပ်ကလည်း များ၊ စားစရာတွေက လည်းစုံသပ၊ ပွဲတော်လာတဲ့သူတွေက များလွန်းလို့ တိုးမပေါက်ဘူးလေ။ ကိုယ့်မြန်မာလူမျိုး တွေရဲ့ စိတ်ရင်းစေတနာကောင်းပုံ၊ အလှူအတန်းရက်ရောပုံက ဒီပွဲတော်ကို ကြည့်ချင်းအားဖြင့် သိနိုင်ပါတယ်။” ဟု မော်လမြိုင်မြို့မှ ဒေါ်စိမ့်ကလျာ ကပြောသည်။

အဆိုပါပွဲတော်ကို ဒီဇင်ဘာ ၂၉ ရက်မှစတင်ကာ ၃၀ ရက်အထိ ၂ ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပထမနေ့ တွင် မြို့နယ် လုံးကျွတ်မဟာနိဗ္ဗာန်စျေးပွဲတော်နှင့် ဒုတိယနေ့တွင် သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly