ဘင်္ဂလားဒေ့ရှ်တွင် အီတလီနိုင်ငံသားကို သတ်ဖြတ်မှုမှာ ၄င်းတို့လက်ချက်ဟု အိုင်အက်စ်အဖွဲ့ ကြေညာ

ဘင်္ဂလားဒေ့ရှ်တွင် အီတလီနိုင်ငံသားကို သတ်ဖြတ်မှုမှာ ၄င်းတို့လက်ချက်ဟု အိုင်အက်စ်အဖွဲ့ ကြေညာ

ဒါကာ၊ စက်တင်ဘာ-၂၉ ။                      ။ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာရှိ သံတမန်ရပ်ကွက်မှ လမ်းတစ်လမ်းပေါ်တွင် အီတလီနိုင်ငံသားတစ်ဦးကို ပစ်သတ်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အကြမ်းဖက်အုပ်စုက ပြောကြားခဲ့သည်ဟု ဂျီဟတ်အန္တရာယ်များကို စောင့်ကြည့်နေသည့် ထောက်လှမ်းရေးအုပ်စုတစ်စုက ပြောကြားသည်။

စွန်နီအစွန်းရောက်အုပ်စု၏ ပြောကြားချက်ကို ချက်ချင်း သီးခြားအတည်မပြုနိုင်သေးသော်လည်း အကယ်၍ မှန်ကန်ခဲ့ပါက ဘာသားရေးမဖက်သည့် တောင်အာရှနိုင်ငံတစ်ခုတွင် အိုင်အက်စ်အကြမ်း ဖက်အုပ်စု၏ ပထမဆုံးတိုက်ခိုက်မှုပင် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်မှာ မကြာသေးမီလများအတွင်း သဘောထားတင်းမာသည့် အစ္စလာမ်အုပ်စုများ အလျင်အမြန်ခေါင်းထောင်ထလာမှုနှင့် ရင်ဆိုင်နေရပြီး ယခုနှစ်တွင် ဘလော့ဂါ ၄ယောက်ကို သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံနေရသည့် အုပ်စုများကို ပိတ်ပင်ပစ်ခဲ့သည်။

စက်တင်ဘာလ ၂၈ရက်နေ့က အီတလီနိုင်ငံသား ဆီဆဲ တာဗယ်လာနှင့် ယှဉ်မောင်းလာရင်း သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည့် မော်တော်ဆိုင်ကယ်တစ်စင်းတည်း စီးနင်းလာသည့် အမည်မသိ တိုက်ခိုက်ရေးသမား ၃ယောက်ကို ခြေရာခံရာတွင် သဲလွန်စတစ်စုံတစ်ရာ မရသေးကြောင်း ဒါကာရဲက ပြောကြားခဲ့သည်။

''အခုလတ်တလောမှာတော့ ဘာကိုမှ အတိအကျ မပြောနိုင်သေးပါဘူး''ဟု ရဲအရာရှိ မက်ခလီဆာ ရာမန်က ပြောကြားပြီး မိမိတို့၏ လက်ချက်ပါဟူသော အိုင်အက်စ်အုပ်စု၏ ပြောဆိုချက်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပြောကြားရန် ငြင်းဆန်သွားခဲ့သည်။  

သို့ရာတွင် ကနဦးအထောက်အထားများအရ ကြိုတင်စီစဉ်ထားသော တိုက်ခိုက်မှုဖြစ်ဖွယ်ရှိပြီး တိုက်ခိုက်စဉ်အတွင်း တာဗယ်လာထံမှ မည်သည့်ပစ္စည်း တစ်စုံတစ်ခုမျှ ယူဆောင်သွားခြင်းမရှိခဲ့ဟု ရဲက ပြောကြားခဲ့သည်။

အနည်းဆုံး သေနတ်သံ သုံးချက်ကြားရပြီး တာဗယ်လာ လဲကျသွားသည့်အခါတွင် တိုက်ခိုက်သူများမှာ ထွက်ပြေးသွားသည်ကို မြင်ခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောကြားကြောင်း ရဲက ပြောကြားသည်။ တာဗယ်လာကို အနီးဆုံးဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သော်လည်း ဆရာဝန်များက သေဆုံးနှင့်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

လုပ်ဖော်ကိုင်ဖက် အလို ရာနီ ဒါလီ၏ ပြောကြားချက်အရ အသက်၅၀တွင်းရှိပြီဖြစ်သည့် တာဗယ်လာမှာ ICCO ဟုခေါ်သည့် နယ်သာလန်အခြေစိုက် ခရစ်ယာန်သမဝါယမအဖွဲ့အတွက် စားနပ်ရိက္ခာဖူလုံရေးကိစ္စများကို လုပ်ဆောင်ရန်အတွက် မေလက ရောက်ရှိလာပြီးနောက် ဒါကာတွင် တစ်ကိုယ်တည်းနေထိုင်သူဖြစ်သည်။

SITE ထောက်လှမ်းရေးအုပ်စု၏ ဝဘ်ဆိုက်တွင် လွှင့်တင်လာသည့် သတင်းတစ်ရပ်အရ လုံခြုံရေးတပ်ဖွဲ့က တာဗယ်လာကို ဒါကာတွင် ခြေရာခံမိပြီး အသံတိတ်လက်နက်များဖြင့် သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း အိုင်အက်စ်အုပ်စုက စက်တင်ဘာ ၂၈ရက်နေ့စွဖြင့် ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်ဟု ဆိုသည်။

မျက်မြင်သက်သေများက တိုက်ခိုက်မှုနှင့် မည်မျှနီးကပ်သည်၊ အသံတိတ်ကိရိယာ အသုံးပြုထားလျှက် သေနတ်သံကို ဘယ်ပုံကြားနိုင်သည်ဆိုသည်မှာမူ ကွဲကွဲပြားပြား မသိရသေးဟု ဆိုသည်။

ယခုတိုက်ခိုက်မှုက ခရူဆိတ်အဖွဲ့ဝင် နိုင်ငံသားများအနေဖြင့် မွတ်စလင်နိုင်ငံများတွင် လုံခြုံမှုမရှိနိုင်ကြောင်း သတိပေးလိုက်ခြင်းပင်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်လူဦးရေ၏ ၉၀ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly