မြေအောက်မှာ ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သား ၁၅ ဦးကို ကယ်ဖို့ အိန္ဒိယအစိုးရ အရှိန်မြင့် ကြိုးပမ်း

မြေအောက်မှာ ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သား ၁၅ ဦးကို ကယ်ဖို့ အိန္ဒိယအစိုးရ အရှိန်မြင့် ကြိုးပမ်း

ဒီဇင်ဘာ ၃၀ ။           ။ နိုင်ငံအရှေ့မြောက်ပိုင်း Meghalaya ပြည်နယ်က တရားမဝင် တူးဖော်တဲ့ ကျောက်မီးသွေး မိုင်းတွင်းတစ်ခုရဲ့ မြေအောက်မှာ ပိတ်မိနေလျက်ရှိတဲ့ မိုင်းလုပ်သား ၁၅ ဦးကို ကယ်ဆယ်ဖို့ အိန္ဒိယ အာဏာပိုင်တွေ အရှိန်မြင့်လုပ်ဆောင်လာနေလျက် ရှိပါတယ်။

အဆိုပါ မိုင်းတွင်းလုပ်သားတွေကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်ကတည်းက မြေအောက်မှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်မှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ထောက်ကူဖို့အတွက် အိန္ဒိယ ရေတပ်က ရေငုပ်သမားတွေ၊ pressure pumps တွေ နဲ့အတူ ၀ိုင်းဝန်းအားထုတ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

အဆိုပါ မိုင်းလုပ်သား ၁၅ ဦး ပိတ်မိနေခဲ့တဲ့ မိုင်းတွင်းကတော့ ပေပေါင်း ၃၀၀ လောက် နက်ပြီး အနည်းဆုံး ပေ ၇၀ လောက်ကတော့ ရေတွေနဲ့ ပြည့်နေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မိုင်းလုပ်သားတွေရှိနေတဲ့ နေရာအတိအကျကို မသိရသေးဘဲ ကယ်ဆယ်ရေးသမားတွေကလည်း မိုင်းတွင်းထဲ ဝင်ဖို့ ခက်ခဲနေလျက် ရှိပါတယ်။

ယင်းမိုင်းတွင်းကတော့ သက်တမ်းကြာမြင့်နေပြီး အင်မတန် အန္တရာယ်များတဲ့ တရားမဝင် မိုင်းတွင်းတစ်တွင်း ဖြစ်ကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly