New Year ညလုံခြုံရေးအတွက် ရဲအင်အား သုံးဆတိုးမြှင့်ဆောင်ရွက်မည်

New Year ညလုံခြုံရေးအတွက် ရဲအင်အား သုံးဆတိုးမြှင့်ဆောင်ရွက်မည်
 ရန်ကုန်တိုင်းအတွင်း ညပိုင်းလုံခြုံရေးအတွက် ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ။ဓာတ်ပုံ - Yangon Police

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ။         ။ ၂၀၁၈ခုနှစ် New Year ညလုံခြုံရေးအတွက် ရဲဝန်ထမ်းအင်အားကို ပြီးခဲ့သည့်နှစ်ကထက် ၃ဆ တိုး၍ ဆောင်ရွက်သွားမည်ဟု  ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက ဒီဇင်ဘာလ၂၉ရက်တွင် မဇ္စျိမသို့ ပြောသည်။

"လုံခြုံရေးအင်အားကတော့အရင်ထက်များမှာပေါ့။အရင်ထက်၂ဆ၊၃ဆများမှာပေါ့။အင်အားအရေအတွက်ကိုတော့ ကျွန်တော်တို့လောလောဆယ်တော့ ပြောလို့မရသေးဘူး။အဲ့ဒါကတော့ ကျွန်တော်တို့ လုံခြုံရေးချတဲ့နေ့မှပဲ သိရမယ်"ဟု ရဲမှူးသိန်းဝင်းက ပြောသည်။

နှစ်သစ်ကူးည လုံခြုံရေးအတွက် မြို့နယ်တပ်ဖွဲ့ဝင်များ၊ ရဲစခန်းရှိ တပ်ဖွဲ့ဝင်များ၊ ခရိုင်အကူ၊ တိုင်းအကူများမှ ပါဝင်ဆောင်ရွက််မည်ဖြစ်ကြောင်း သိရသည်။

"အမှန်တော့ အစကတည်းကကို ရေရှည်စီမံချက်ချကိုချရမယ်။ရေရှည်စီမံချက်လုပ်ရမယ်။ဥပမာဗျာ ကန်တော်ကြီးနေရာလို လူစည်ကားတဲ့နေရာတွေမှာ ဒီလိုနှစ်သစ်ကူးအချိန်မဟုတ်ဘဲနဲ့ ပွဲမဟုတ်ဘဲနဲ့တောင် တစ်ခါတစ်ခါဖြစ်နေတာပဲလေ။ စနေ၊ တနင်္ဂနွေနေ့မျိုးဆိုလည်း အားလပ်ရက်ဖြစ်တဲ့အတွက် လှုပ်ရှားမှုက ပိုများလာတတ်တယ်။ကြားရက်တွေထက် လူများတာပေါ့။ရက်ရှည်ပိတ်တဲ့အခါကျတော့ သုံးလေးရက် ပိတ်တဲ့အခါကျတော့ ပိုဆိုးတာပေါ့။ပွဲတွေလုပ်တာပေါ့။ ဒါတွေကကျတော့ စီမံချက်က ရေရှည်ပေါ့လေ။ ကြိုပြီးတော့ လုပ်သင့်တယ်" ဟု ဒဂုံမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

အဆိုပါညတွင် လူစည်ကားလေ့ရှိတတ်သော အင်းယားကန်ဘောင်ပတ်လည်တွင် လုံခြုံရေးတိုးမြှင့််ထားပြီး လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်၊ ဗဟန်းမြို့နယ်များနှင့် ထိစပ်နေသည့် ကန်ဘောင်ပတ်လည်အပါအဝင် မြန်မာ ပလာဇာအနီးပတ်ဝန်းကျင်တွင် တပ်ဖွဲ့ဝင်များကို အင်အားသုံး၍ နေရာချထားမည်ဟု သိရသည်။

အဓိကအားဖြင့် နှစ်သစ်ကူးညတွင် လုယက်မှုများမဖြစ်စေရေး၊ ရန်ပွဲများ မဖြစ်စေရေးအတွက် ဦးစားပေး ဆောင်ရွက်သွားမည်ဟု သိရပြီး အဆိုပါ ညတွင် အရက်သေစာသောက်စားမှု၊ မူးယစ်ရမ်းကားမှုများ ဖြစ်ပွားတတ်ပြီး ပြီးခဲ့သော၂၀၁ရနှစ် နှစ်သစ်ကူးညတွင် သရုပ်ဆောင်အောင်ရဲထွေးသည် ကလပ်တစ်ခု၌ အုပ်စုဖွဲ့ရိုက်နှက်ခံရကာ သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly