စာရေးဆရာများ နုတ်ထွက်သည့်အပေါ် အသင်းအနေဖြင့် လုပ်ဆောင်စရာမရှိ ဟု ဥက္ကဋ္ဌဆို

စာရေးဆရာများ နုတ်ထွက်သည့်အပေါ် အသင်းအနေဖြင့် လုပ်ဆောင်စရာမရှိ ဟု ဥက္ကဋ္ဌဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ။         ။ မြန်မာနိုင်ငံ စာရေးဆရာများအသင်း သက်ကြီးပူဇော်ပွဲ၏ ကန်တော့ခံပုဂ္ဂိုလ်များတွင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ပါဝင်နေမှုကြောင့် စာရေးဆရာများအသင်းမှ နုတ်ထွက်မှုအပေါ် အသင်းအနေဖြင့် လုပ်ဆောင်စရာ မရှိကြောင်း မြန်မာနိုင်ငံ၊ စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာ မနုဿကျော်ဝင်းက ပြောသည်။

"စာရေးဆရာအသင်းအနေနဲ့ ဘာမှလုပ်သွားဖို့မရှိဘူး။ ဒါက တရားဝင်လုပ်တဲ့ပွဲ၊ ခိုးချောင်ခိုးဝှက်လုပ်တဲ့ပွဲလည်း မဟုတ်ဘူး။ နိုင်ငံတော်ပွဲ၊ ဒီနေ့ မတက်ရောက်နိုင်တဲ့ စာရေးဆရာကြီးတွေကိုလည်း အိမ်အရောက် လိုက်ကန်တော့ဦးမှာ" ဟု စာရေးဆရာ မနုဿကျော်ဝင်းက ပြောသည်။

ယင်းကဲ့သို့ သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့သည့်ပွဲသို့  ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်  တက်ရောက် ကန်တော့ခံသည့် ကိစ္စနှင့်ပတ်သက်ပြီး စာရေးဆရာအချို့ အသင်းမှ နုတ်ထွက်ခဲ့ပြီး ပွဲမပြီးခင် ထပြန်သွားသူ များလည်း ရှိခဲ့သည်။

"ဒါက မကန်တော့သင့်ဘူး။ ကျွန်တော် ဒီလိုတော့ ဘဘောမကျဘူး။ ကျွန်တော် စာရေးဆရာလို့ သူ့ကို မသတ်မှတ်နိုင်ဘူး။ ဒီလို နုတ်ထွက်ကြတာကလည်း သူနဲ့ တစ်ဂိုဏ်းတည်း မနေနိုင်ဘူး။ တစ်သင်းတစ်ဖွဲ့တည်း မနေနိုင်ဘူး။ တစ်တန်းတည်း မထိုင်နိုင်ဘူးဆိုတဲ့ သဘောပါပဲ။ ဒါကတော့ ကာယကံရှင်ရဲ့ ဆုံးဖြတ်ခွင့်၊ လွှတ်လတ်ခွင့်ပါပဲ။"ဟု  စာရေးဆရာ ညီပုလေးက ပြောသည်။

မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းမှတ်အဖြစ် မြန်မာနိုင်ငံစာရေးဆရာများအသင်းမှ ကြီးမှူးပြီး သက်ကြီး စာပေပညာရှင်ကြီးများကို ကန်တော့သည့် အခမ်းနားကို ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ဒီဇင်ဘာ ၂၉ ရက် နေ့က  ပြုလုပ်ခဲ့ပြီး စာရေးဆရာ၊ဆရာမကြီးများ ၂၄၅ ဦး တက်ရောက်ကန်တော့ခံခဲ့ကာ  နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ခဲ့သူ ရန်ကုန်တိုင်းဝန်ကြီးချုပ်လည်း တက်ရောက်ကန်တော့ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly