မန်းချောင်းတမံ ဆည်ရေလွှတ်သော်လည်း မစိုးရိမ်ကြရန် နှိုးဆော်ထားဟုဆို

မန်းချောင်းတမံ ဆည်ရေလွှတ်သော်လည်း မစိုးရိမ်ကြရန် နှိုးဆော်ထားဟုဆို

မကွေး၊ ဒီဇင်ဘာ ၂၉ ။             ။ မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ်၊ မန်းချောင်းရေတမံမှဆည်ရေလွှတ်ထားခြင်းကြောင့် မန်းချောင်းရေ တိုးလာမည်ကို ရွှေစက်တော်ဘုရားဖူးများ မန်းသောင်ပြင်မိသားစုများ မစိုးရိမ်ကြရန် သတိပေးနှိုးဆော်ထား ကြောင်း သိရသည်။

မန်းချောင်း အိုင်းမရေလွှဲဆည်သောက် လယ်ဧက(၁၅၀၀၀)ကျော် နွေစပါးစိုက်ပျိုးရန်အတွက် မတ်လ ရေပေး ဝေရမည့် ရေအမှတ်အတွက် ယနေ့ ဒီဇင်ဘာ ၂၉ရက် နေ့လယ် ၁၂ နာရီတွင် စမ်းသပ် လွှတ်ပေး ထားခြင်း ဖြစ်သည့်အတွက် စိုးရိမ်ပူပန်မှုမရှိစေရန် အသိပေးထားကြောင်း ငဖဲမြို့နယ် ဆည်မြောင်းဦးစီးဌာန ၊ (မန်းချောင်းရေ လှောင်တမံ)မှ သိရသည်။

“ ဒီနေ့ နေ့လယ်ပိုင်းက မန်းချောင်းရေလှောင်တမံကနေ ဆည်ရေစလွှတ်တယ်။ မနက်ဖြန် မနက်ပိုင်းဆို ရွှေစက်တော်ဘုရား မန်းချောင်းမှာ ရေတိုးမယ်၊ ဒါကို ဘုရားဖူးပြည်သူတွေ မန်းသောင်ပြင်စျေးသည်တွေ တည်ဆောက်ရေးလုပ်ငန်းရှင်တွေ မစိုးရိမ်ရအောင် သတိပေးထားပါတယ်” ဟု ငဖဲမြို့နယ်၊ ဆည်မြောင်းဦးစီးဌာ န (မန်းချောင်းရေ လှောင်တမံ)ဦးစီးမှူး ဦးမောင်မောင်ဝင်းက ပြောသည်။

“ မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပဖို့ မန်းသောင်ပြင် ပြင်ဆင်ခြင်းလုပ်ငန်းတွေကို ဒီဇင်ဘာ ၂၈ ရက်နေ့က ၁၀၀ ရာခိုင်းနှုန်း ပြီးစီးအောင် ဆောင်ရွက်ပြီးပါပြီ။ ပွဲတော်ချိန်တွင် ဘုရားဖူးများ ရေနစ်ခြင်းမဖြစ်အောင် ကတိုးတောင်ဝဲ၊ ဆင်သေဝဲ၊ ကျောက်နှာမောင်းစေတီဝဲများကို ရေမနစ်အောင်ဖို့ပြီးဖြစ်ပါတယ်။ တရုပ်ဝဲ ကိုတော့ အကုန်ဖို့မရလို့ အရှေ့ဘက်ခြမ်း ဖို့ပေးထားပါတယ်” ဟု သောင်ပြင်တာဝန်ခံ ဦးမောင်မောင်ဝင်းက ပြောသည်။

အကယ်၍ ယခုလွှတ်လိုက်သော ဆည်ရေကြောင့် ရွှေစက်တော်ရှိ မန်းချောင်းသောင်ပြင် ပျက်စီးခဲ့သော် ပြန်လည် ပြုပြင်နိုင်ရန် စက်ယန္တရားများ ထားရှိထားကြောင်း သိရသည်။

“ ရေက ဒီနေ့ နေ့လည် ၁၂ နာရီအချိန်မှာ ဆည်တံခါး ဖွင့်လိုက်တယ်လို့ သိရတယ်။ မနကြ်ဖန် ၃၀ ရက်နေ့ မနက်မှာ ရေက မန်းရွှေစက်တော်ကိုရောက်မှာပါ။ အခုလို နွေစပါးရေပေးဖို့အတွက် စမ်းသပ်တာ အကောင်းဆုံးပါပဲ၊ ဘုရားဖူးတွေ သောင်ပြင်စျေးသည်တွေ လုပ်ငန်းရှင်တွေသိရအောင် အခုလို အသိပေး ထားတော့ စိတ်မပူရတော့ဘူး။ စိတ်ချမ်းသာရတာပေါ့” ဟု သောင်ပြင်စျေးသည် ကိုမျိုးက ပြောသည်။

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား လာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင်ကျင်းပမည် ဖြစ်ပြီး ယခင်နှစ်က ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ ၈၇ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly