ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌအား အလွဲသုံးစားလုပ်မှုဖြင့် ပါတီတွင်းစစ်ဆေး

By ဇေယျာမော် ၊ စည်သူမောင်မောင်
29 December 2018
ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌအား အလွဲသုံးစားလုပ်မှုဖြင့် ပါတီတွင်းစစ်ဆေး

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ။            ။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် အသုံးပြုရန် ကား ၅ စီး ဝယ်ယူခဲ့မှုနှင့်ပတ်သက်ပြီး ပါတီဗဟိုမှ ခေါ်ယူစစ်ဆေးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောသည်။

 “ကျွန်တော့်ကို ပါတီဗဟိုက ခေါ်ယူမေးမြန်းခဲ့တာ ရှိပါတယ်။ ကျွန်တော်တို့ လွှတ်တော်ရုံး တည်ဆောက်ရေး လုပ်ငန်းတွေနဲ ့ပတ်သက်ပြီးတော့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ မော်တော်ကားဝယ်ယူတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ကို စုံစမ်းမေးမြန်းခဲ့တာ ရှိပါတယ် ” ဟု ဦးစံမင်းအောင်က ပြောသည်။

ဧရာဝတီတိုင်းလွှတ်တော်ရုံး၌ အသုံးပြုမည့်ကား ဝယ်ယူရာတွင် အလွဲသုံးစားမှု ပြုလုပ်သည်ဟုဆိုပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ကို တိုင်ကြားခံထားရခြင်းလည်း ဖြစ်သည်။

ယင်း စုံစမ်းစစ်ဆေးမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဟိုးက ဦးဆောင်ပြီး အထူးအဖွဲ့ဖွဲ့ကာ စစ်ဆေးခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “အထူးအဖွဲ့နဲ့ စစ်ဆေး နေပါတယ်။ စစ်ဆေးမှုရလဒ်ကိုတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC)ကို တင်ပြီးမှ ဗဟိုက ဆုံးဖြတ်ပါ လိမ့်မယ်” ဟု မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

လက်ရှိတွင် ဧရာဝတီတိုင်းလွှတ်တော်ဒုတိယဥက္ကဋ္ဌအား ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်တွင် ခေါ်ယူစစ်ဆေးပြီးစီးပြီး ဖြစ်ကာ တွေ့ရှိချက်များကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံ တင်သွင်းသွားရန် ပြင်ဆင်နေသည်ဟု ဦးဆောင်စစ်ဆေးခဲ့သူ ဦးကျော်ဟိုးက ဆိုသည်။

“စစ်ဆေးတာတော့ ပြီးသွားပြီ။ CEC ကို တင်ဖို့ ပြင်နေတယ်။ တွေ့ရှိချက်ကိုတော့ ပြောခွင့်မရှိပါဘူး။ ပါတီတွင်း ကိစ္စမို့လို့ CEC က ဆုံးဖြတ်ပြီးရင်တော့ ထုတ်ပြန်ပါလိမ့်မယ်” ဟု ဦးကျော်ဟိုးက ဆိုသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် လွှတ်တော်ရုံး၌ အသုံးပြုမည့်ကား ဝယ်ယူခဲ့သည့် လုပ်ငန်းစဉ် နှင့် ပတ်သက်ပြီး ပါတီရုံးချုပ်တွင် ခေါ်ယူမေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။

 “ ၂၀၁၇-၁၈ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေနဲ ့အညီ ကျွန်တော်တို ့ကားဝယ်ယူရေးအဖွဲ ့တွေမှာ ပထမဆုံး ကားဝယ်ယူဖို ့ တင်ဒါအဖွဲ ့ခဲ့ပါတယ်၊ ၁/၂၀၁၇ နှင့်အညီ ဆောင်ရွက်ခဲ့ပါတယ်၊ ကားဝယ်ယူရမယ့် ကား ၅ စီး ကိုလည်း အသက်သာဆုံးစျေးနှုန်းတွေနဲ့ ကျွန်တော်တို ့လွှတ်တော်ကိုယ်စားလှယ်များပါဝင်တဲ့ အဖွဲ ့နဲ့၊ အားလုံးသဘောဆန္ဒနဲ ့ဝယ်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ တိုင်ကြားတဲ့သူ ရှိရင်တော့ ကျွန်တော့ဘက်က ဖြေရှင်းရမယ့် တာဝန် ရှိပါတယ်။ ကားဝယ်ယူရေးအဖွဲ ့အဖွဲ့ခေါင်းဆောင်က ကျွန်တော်ဖြစ်နေလို့ ” ဟု ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required