ကန်တော့ခံစာရေးဆရာများတွင် ဦးခင်ညွန့်ပါဝင်မှုမှာ သတ်မှတ်ချက်နှင့် ပြည့်၍ ရွေးချယ်ခြင်းဟု စီစဉ်သူပြော

ကန်တော့ခံစာရေးဆရာများတွင် ဦးခင်ညွန့်ပါဝင်မှုမှာ သတ်မှတ်ချက်နှင့် ပြည့်၍ ရွေးချယ်ခြင်းဟု စီစဉ်သူပြော

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ။       ။ မြန်မာနိုင်ငံ၊ စာရေးဆရာများအသင်းမှ ကျင်းပပြုလုပ်ခဲ့သော သက်ကြီးပူဇော်ပွဲ၏ ကန်တော့ခံပုဂ္ဂိုလ်များတွင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ပါဝင်နေမှုအပေါ် သတ်မှတ်ချက်နှင့် ပြည့်၍ ရွေးချယ်ခြင်းဟု စီစဉ်သူ မြန်မာနိုင်ငံ စာရေးဆရာများအသင်း ဥက္ကဋ္ဌ စာရေးဆရာ မနုဿကျော်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းမှတ်အဖြစ် မြန်မာနိုင်ငံစာရေးဆရာများအသင်းမှ ကြီးမှူးပြီး သက်ကြီး စာပေရှင်ကြီးများကို ကန်တော့သည့် အခမ်းနားကို ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ဒီဇင်ဘာ ၂၉ရက်နေ့က ကျင်းပပြုလုပ်ရာတွင် ကန်တော့ခံမည့်ပုဂ္ဂိုလ်များတွင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။

“ ဒီလို သက်ကြီးကန်တော့ခံဖို့ဆိုတာ အသက် ဘယ်လောက်ရှိရမယ်။ စာရေးဆရာ ဖြစ်ရမယ်။ သက်ဆိုင်ရာ မြို့နယ်က ထောက်ခံချက်ရှိနေရင်၊ သတ်မှတ်ချက်နဲ့ ပြည့်နေရင် ဒါကန်တော့တာပဲ။ ဒီလို ကန်တော့တဲ့အခါမှာ ဆင်းရဲ၊ ချမ်းသာမရွေးဘူး။ လူမျိုးဘာသာ မရွေးဘူး။ နိုင်ငံရေး အရောင်အသွေး ဘာမှ မရွေးဘူး။ သူ့သတ်မှတ် ချက်နဲ့ ပြည့်နေရင် တခြားကန်တော့ခံတွေလိုပဲ ကန်တော့ခံရတာပဲ။ "ဟု မြန်မာနိုင်ငံ စာရေးဆရာများ အသင်း ဥက္ကဋ္ဌ စာရေးဆရာ မနုဿကျော်ဝင်းက ပြောသည်။

ယနေ့ အခမ်းအနားတွင် စာရေးဆရာ၊ဆရာမကြီးများ ၂၄၅ ဦး တက်ရောက် ကန်တော့ခံခဲ့ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ကန်တော့ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှ ပြုလုပ်သော အဆိုပါသက်ကြီးပူဇော်ပွဲတွင် ပါဝင်ကန်တော့ခံမည့် သက်ကြီးစာပေရှင်ကြီးများသည် အသက် ၇၉ နှစ်အထက်ရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်စာရေးဆရာ အသင်း၏ ထောက်ခံချက်ရရှိရန် လိုအပ်ကာ ကန်တော့ခံပုဂ္ဂိုလ်များကို မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို)မှ ပြန်လည်စိစစ်လက်ခံခြင်းဖြစ်သည်။

ကန်တော့ခံအဖြစ် ပါဝင်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်သည် “ ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝအထွေထွေ” အမည်ရှိ စာအုပ် အမှတ်(၁) နှင့် အမှတ်(၂)တို့ကို ရေးသားထုတ်ဝေခဲ့ပြီး အသက်အရွယ်အားဖြင့် အသက် ၇၉ နှစ် အထက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့သည့်ပွဲသို့  ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်  တက်ရောက် ကန်တော့ခံသည့် ကိစ္စနှင့်ပတ်သက်ပြီး လူမှုကွန်ရက် အသုံးပြုသူများအကြားတွင် ဝေဖန်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

"ကျုပ်ရဲ့အမြင်နဲ့ ပြောမယ်ဆိုရင် စာပေကို ချစ်မြတ်နိုးတယ်။ နှစ်သက်တဲ့ သို့တည်းမဟုတ် စာပေ ၀ါသနာ ပါတဲ့ လူမျိုး ဆိုရင်တော့ ကျုပ်လက်ခံပါတယ်။ စစ်အာဏာရှင်ပုံစံနဲ့ တိုင်းပြည်ကို ဒုက္ခပေးတယ်ဆိုရင်တော့  ကျုပ်ရွံ့မုန်းတယ်။ အဲ နှစ်မျိုးထဲမှာ ဦးခင်ညွန့်က ဘယ်ထဲပါမလဲဆိုတာ သူ့သမိုင်းက ပြောပါလိမ့်မယ်။ စာပေကို ချစ်မြတ်နိုးတဲ့အနေနဲ့ဆိုရင်တော့ လက်ခံရမှာပေါ့။ တိုင်းပြည်ကို ဖျက်ဆီးခဲ့တယ်။ လူငယ်ထုကို ဖျက်ဆီးခဲ့ တယ်။ လူငယ်ထုကို သတ်ခဲ့တယ်ဆိုတဲ့ဟာတွေကြတော့ ကျုပ်တို့ လက်ခံဖို့မလွယ်ဘူးပေါ့။" ဟု ပွဲတွင် ကန်တော့ခံ လာရောက်သူ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ဆိုသည်။

ယခုကဲ့သို့ ကန်တော့ခံသည့် ပုဂ္ဂိုလ်များတွင်  ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ပါဝင်ပြီးနောက် အခမ်းအနားသို့ လာရောက်ခဲ့သူအချို့သည် သက်ကြီးပူဇော်ပွဲမပြီးခင် ပြန်သွားကြသူများလည်း ရှိခဲ့သည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required