တီကျစ်ကျောက်မီးသွေးသုံးစက်ရုံတွင် ဘေးထွက်ဆိုးကျိုးမရှိဟု ပြောဆိုနေသော်လည်း ဒေသခံများ စိုးရိမ်

တီကျစ်ကျောက်မီးသွေးသုံးစက်ရုံတွင် ဘေးထွက်ဆိုးကျိုးမရှိဟု ပြောဆိုနေသော်လည်း ဒေသခံများ စိုးရိမ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ ပြင်သာကျေးရွာ အနီးရှိ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-အောင်မြတ်သူ

နေပြည်တော်၊ ဒီဇင်ဘာလ ၂၉ ။         ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ ပြင်သာကျေးရွာ အနီးတွင်ရှိသော တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံမှ ယခင်နှစ်များတွင် မီးခိုးမှုန်များနှင့် ညှော်နံ့များ ထွက်ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် မဖြစ်တော့ဟု စက်ရုံမှူး ဒုတိယအင်ဂျင်နီယာချုပ် ဦးဝင်းဌေးက ပြောသည်။

ယခင်က အဆိုပါ စက်ရုံခေါင်းတိုင်မှ ထွက်ရှိသည့် မီးခိုးပြာမှုန့်များနှင့် အညှော်နံ့များကြောင်း ပတ်ဝန်းကျင်ရှိ ကျေးရွာသူ၊ ကျေးရွာသားများတွင် အသက်ရှုလမ်းကြောင်းပိတ်ခြင်း၊ ယားယံခြင်းကဲ့သို့သော ရောဂါများ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် စိုက်ခင်းများပါ မီးခိုးအမှုန်များကြောင့် ပျက်စီးဆုံးခြင်းများရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ညှော်နံ့များ၊ မီးခိုးမှုံများအပါအဝင် ရေဆိုးများကို ထုတ်လွှတ်ခြင်းကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း စက်ရုံမှူးက ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းက တီကျစ်စက်ရုံတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောခဲ့ခြင်းဖြစ်သည်။

“လက်တွေ့မှာလည်း ဟိုတုန်းကလို မဟုတ်တော့ဘဲနဲ့ Emerging Control ကို စနစ်တကျနဲ့၊ နိုင်နိုင်နင်းနင်းနဲ့ ၊ ကျွန်တေ်ာတို့က လက်တွေ့မောင်းနှင်နိုင်ပြီဆိုတာကို ကျွန်တေ်ာတို့က Continuous Monitoring System နဲ့ တကွ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကိုရော အားလုံး ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။ လက်တွေ့မှာ လည်းပဲ ကျွန်တေ်ာတို့က ပြာတွေ၊ မီးခိုးတွေ မထွက်ဘဲနဲ့လက်တွေ့မောင်းနှင်နေတာ ဖြစ်ပါတယ်”ဟု ဦးဝင်းဌေးက ပြောသည်။

၂၀၁၄ ခုနှစ်တွင် အဆိုပါ စက်ရုံ၏ ချို့ယွင်းချက် အားနည်းချက်များကြောင့် စက်ရုံ လည်ပတ်မှု ရပ်ဆိုင်း သည်အထိ ဖြစ်ပေါ်ခဲ့ပေမဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်တွင် တရုတ်နိုင်ငံ Wuxi Hua Guang Electric Power Engineering Co.ltd ထံသို့ လျှပ်စစ်ဝန်ကြီးဌာနမှ ၂၂နှစ်ကြာ နှစ်ရှည် ငှားရမ်း သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့ပြီးနောက်ပိုင်းတွင် ၄င်းကဲ့သို့ ဘေးထွက်ဆိုးကျိုးများမရှိတော့ကြောင်း စက်ရုံမှူးက ဆိုသည်။

သို့ရာတွင် နောင်လာမည့်တစ်ချိန်ချိန်တွင် ပတ်ဝန်းကျင်ရှိလူများအတွက် ကျန်းမာရေးဆိုးကျိုးများ ရှိလာနိုင် သည်ဟု အဆိုပါစက်ရုံအနီးရှိ ဒေသခံ ရွာသားအချို့က စိုးရိမ်နေကြသည်။

တီကျစ်စက်ရုံအနီး တစ်မိုင်ဝန်းကျင်ရှိ သာယာကုန်းကျေးရွာတွင် နှစ်ပေါင်းများစွာ နေထိုင်လာသူ ဦးထွန်းနိုင် က  လက်ရှိတွင် ကျန်းမာရေးထိခိုက်မှု မသိသာပေမယ့် နောက်ပိုင်းများတွင်တော့ မသိနိုင်ကြောင်း ပြောသည်။

“အခု အနှောင့်အယှက် မဖြစ်ဘူးဆိုရင်လည်း ဦးလေးလည်း မပြောနိုင်ဘူး။ မပြောတတ်ဘူး။ ကျန်းမာရေး ထိခိုက်တာကတော့ ပညာရှင်တွေ၊ သိနားလည်တဲ့ ဆရာဝန်တွေမှ သိတယ်။ ဦးလေးတို့ကြတော့ ကျန်းမာရေး ထိခိုက်တာ ဒါဖြစ်တယ်။ ကျန်းမာရေးထိခိုက်တာ ဒါဖြစ်တယ်။ ဒါထွက်တယ် ကျန်းမာရေးဒီလိုဖြစ်တယ် အဲ့ဒါတော့ ဦးလေးက မသိဘူး။ အညှော်အနံ့ကျတေ့ ဟိုးအရင်ကြတော့ အညှော်အနံ့လည်း တအားဆိုးတယ်။ အခုနောက်ပိုင်း ကျတော့ရှိတော့ ရှိတာပေါ့။ မပျက်သေးဘူးပေါ့။ နည်းနည်း ပါးပါးတော့ရှိနေသေးတာပေါ့နော့။ ဟိုးအရင်လို ပုံစံကြတော့ မရဘူး ”ဟု ဒေသခံ ဦးထွန်းနိုင် က ပြောသည်။

ဆက်လက်ပြီး စက်ရုံအနီး ၀.၆ မိုင်ဝန်းကျင်ရှိ တီကျစ်ကျေးရွာ တောင်ပိုင်းတွင် နေထိုင်သည့် ဦးမြအေးက “ပြောမယ်ဆိုရင် သဘာဝနဲ့လည်း ပတ်ဝန်းကျင်နဲ့လည်း မညီညွတ်တဲ့အတွက်ကြောင့် ဒီစက်ရုံကြီးက အမှန်ဆို ပိတ်သိမ်းလိုက်ရင်တော့ အကောင်းဆုံးပေါ့ ။ ကျန်းမာရေးအတွက်လည်းမကောင်းဘူး ။ ပိုပြီး ဆိုးဝါးဖို့ပဲ များတယ်။ အဲ့လိုဖြစ်နေတယ်။ ကိုက်ခဲမူးတယ်၊နောက်တယ်။ ခေါင်းတွေကအစ ။ ဇက်ကြောတွေ တက်တယ်။ ဒီစက်ရုံဆောက်မှ”ဟု ဆိုသည်။

လက်ရှိတွင် ဘွိုင်လာခေါင်းတိုင် အတွင်းမှထွက်ရှိလာမည့် ပြာထွက်နှုန်း 30mg/Nm3၊ ဆာလဖာဒိုင်အောက် ဆိုဒ် 400mgNm3 ၊ နိုက်ထရိုဂျင်အောက်ဆိုဒ် 200mg/Nm3 ဟု သတ်မှတ်ထားပြီး ၄င်းပမာဏများအောက် သာရှိရန် ဆောင်ရွက်နေသည်ဟု တီကျစ်ကျောက်မီးသွေးစက်ရုံမှူးက ပြောသည်။

 “လက်တွေ့မှာလည်းပဲ ဒီမှာဆိုရင် တီကျစ်တိုက်နယ်မှာ မေးမြန်းလို့ ရပါတယ်။ စက်ရုံကြောင့် အသေ အပျောက်တွေရှိသလား ဘာရောဂါတွေ အဖြစ်များသလဲ။  နှိုင်းယှဉ်ချက်တွေလည်း ရှိပါတယ်။ ပြောရလို့ ရှိရင်တော့ အသက်ရှုလမ်းကြောင်း ရောဂါတွေ၊ အရေပြား ယားယံတာတွေ မရှိဘူးဆိုတဲ့အကြောင်း ဒီမြို့နယ်ကျန်းမာရေးဌာနရဲ့ စစ်တမ်းသတ်မှတ်ချက်များအရ ရှင်းလင်းပြသခဲ့ပြီး ဖြစ်ပါတယ်”ဟု တီကျစ် ကျောက်မီးသွေးစက်ရုံမှူးက ပြောသည်။

တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၀၂ ခုနှစ်၊ စက်တင်ဘာလတွင် စတင် တည်ဆောက်ခဲ့ပြီး စက်နှစ်လုံးတပ်ဆင်ကာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် ပထမစက်နှင့် ၂၀၁၅ ခုနှစ်၊ မေလ ၃ ရက်တွင် ဒုတိယစက်တို့ကို ဖွင့်လှစ်ခဲ့ကာ ၁၂၀ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်၍ တစ်ယူနစ်လျှင ်ပျမ်းမျှ ၁၀၀ ကျပ်နှုန်း ကျသင့်မည်ဖြစ်သည်ဟု သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ငရုပ်ကောင်းကျောက်မီးသွေးစက်ရုံကို ဂျပန်ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ  A1 Energy တို့က မဂ္ဂါဝပ် ၃၀၀ ရှိသည့် စက်ရုံ နှစ်ခု တည်ဆောက်မည့်အေပါ် ဒေသခံ ၈၀၀၀ ကျော် ကန့်ကွက်ထားခဲ့သည်။

၂၀၁၇ ခုနှစ်က တည်ဆောက်ဆဲ သဘောတူခဲ့သော ကျောက်မီးသွေး စက်ရုံများမှာ ရန်ကုန်တိုင်းတွင်း ကွမ်းခြံကုန်း၊ ထန်းထပင်၊ ကျောက်တန်း၊ သီလဝါဒေသများတွင်လည်းကောင်း၊ ဧရာဝတီတိုင်းအတွင်း ငရုတ်ကောင်းမြို့ ရှမ်းပြည်နယ် ကျိုင်းတုံ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၊ မွန်ပြည်နယ်တွင် ရေးမြို့နယ် အံဒင်ကျေးရွာ၊ ရခိုင်ပြည်နယ် ကျောက်ဖြူတို့တွင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly