နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ခရီးသွားများအတွက် အထူးရထားများ ပြေးဆွဲမည်

By ကျော်စွာထွန်း
28 December 2018
နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ခရီးသွားများအတွက် အထူးရထားများ ပြေးဆွဲမည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ဒီဇင်ဘာ ၂၈ ။          ။ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ခရီးသွားလာမှုများပြားသည့်အတွက် ခရီးသည်များအဆင်ပြေစေရန် အထူးရထား ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်ကပြောသည်။

 

“ခုလိုရထားတွဲဆိုင်းတွေပြေးဆွဲတော့ ခရီးသည်တွေအတွက် အထောက်အကူပြုတာပေါ့။ ကျန်တဲ့ရက်တွေမှာ ခရီးသည်နည်းနည်းပါးပါတယ်။ အခုလိုပိတ်ရက်ကာလဆိုတော့ ခရီးသည်နဲ့တွဲအရေအတွက်နဲ့ မညီမျှဘူး ။ မညီမျှလို့လည်း အခုအဆန်အထူးရထားကိုလည်း နေပြည်တော်ရုံးချုပ်ကနေပြီးတော့ အစီစဉ်ဆွဲပြီး ပြေးဆွဲပေးတာဖြစ်ပါတယ်။ ” ဟု ၄င်းကပြောသည်။

 

နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သော ဒီဇင်ဘာ၂၉ ရက်မှ ၂၀၁၉ခုနှစ် ဇန်နဝါရီ ၁ရက်အထိ လေးရက်တာ ကာလအတွင်း နေပြည်တော်-ရန်ကုန် နှင့် ရန်ကုန်-မန္တလေး ခရီးစဉ်များအတွက် အထူးရထားတွဲများဖြင့် ပြေးဆွဲပေးသွားမည်ဟု သိရသည်။

 

အထူးရထားများတွင် ရိုးရိုးတန်း ၈တွဲ ၊ အထူးတန်း ၃ တွဲ၊ အိပ်စင် ၁ တွဲ ပါဝင်သည့် ရထားဖြင့်ပြေးဆွဲမည်ပြီး လက်မှတ်စျေးနှုန်းများအနေဖြင့် ပြောင်းလဲခြင်းမရှိဘဲ ယခင်စျေးနှုန်းများဖြစ်သည့် ရန်ကုန်-မန္တလေး ရိုးရိုးတန်း ၄၆၅ဝကျပ်၊အထက်တန်း ၉၃ဝဝကျပ် နှင့် ရန်ကုန်-နေပြည်တော် ရိုးရိုးတန်း ၂၈ဝဝကျပ်၊ အထက်တန်း ၅၆ဝဝကျပ် နှုန်းအတိုင်း ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

 

ဒီဇင်ဘာ ၂၈ ရက်တွင် နေပြည်တော်-ရန်ကုန် အထူးရထားတွဲဆိုင်းကို ပြေးဆွဲပေးမည်ဖြစ်ပြီး နေပြည် တော်ဘူတာမှ ည ၉ နာရီ ခွဲတွင် စတင်ထွက်ခွာမည်ဖြစ်ကာ ရန်ကုန် ဘူတာကြီးသို့ နောက်တစ်နေ့ နံနက် ၇ နာရီ တွင် ရောက်ရှိမည်ဖြစ်သည်။

 

ဒီဇင်ဘာ ၂၉ ရက်တွင် ရန်ကုန်-မန္တလေး အထူးရထားတွဲဆိုင်းကို ပြေးဆွဲပေးမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးမှ ညနေ ၆ နာရီတွင် ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၉ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။

 

 ဒီဇင်ဘာ ၃၀ ရက်တွင် မန္တလေး-ရန်ကုန် အထူးရထားတွဲဆိုင်းကို ပြေးဆွဲပေးမည် ဖြစ်ပြီး အဆိုပါရထား တွဲဆိုင်းမှာ မန္တလေး ဘူတာမှ ညနေ ၆ နာရီ ၁၅ မိနစ်တွင် ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ နောက်တစ်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ် ကြောင်းသိရသည်။

 

ဇန်နဝါရီ ၁ ရက်တွင် ပြေးဆွဲမည့် ရန်ကုန်-နေပြည်တော် အထူးရထားတွဲဆိုင်းသည် ရန်ကုန်ဘူတာကြီးမှ ည ၉နာရီခွဲတွင်ထွက်ခွာ ပေးမည်ဖြစ်ပြီး နေပြည်တော်ဘူတာသို့ နောက်တစ်နေ့ နံနက် ၇ နာရီတွင် ရောက်ရှိ မည်ဖြစ်သည်။

 

ရန်ကုန်-မန္တလေးအထူး ရထားများအတွက် အမှတ်(၃/၄)အမြန်ရထား ရပ်တန့်သည့်ဘူတာများ၌ ရပ်တန့်ပေးမည်ဟုလည်း သိရသည်။

 

 အထူးရထားများအတွက် ရထားလက်မှတ်များကို ရန်ကုန်ဘူတာကြီးရှိ ရက်ကြိုလက်မှတ်ရုံတွင် နံနက် ၇ နာရီမှ စတင်၍ ရောင်းချပေးနေကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly