အန္တာတိကတိုက်ကို ပထမဆုံး တစ်ကိုယ်ရည် ခြေလျင်ခရီးရှည် ဖြတ်သန်းတဲ့ အမေရိကန် လူစွန့်စား

အန္တာတိကတိုက်ကို ပထမဆုံး တစ်ကိုယ်ရည် ခြေလျင်ခရီးရှည် ဖြတ်သန်းတဲ့ အမေရိကန် လူစွန့်စား
Photos: AFP

၀ါရှင်တန်၊ ဒီဇင်ဘာ ၂၈ ။   ။ အမေရိကန် လူစွန့်စားတစ်ဦးဟာ အန္တာတိကတိုက်ကို ဘယ်လိုအကူအညီမျိုးမှ မယူဘဲ တစ်ကိုယ်ရည် ခြေလျင်ခရီးကြမ်း ဖြတ်သန်းအောင်မြင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။

အသက် ၃၃ နှစ်ရှိ ကိုလင်းအိုဘရက်ဒီဆိုသူဟာ ရေခဲနေတဲ့ အန္တာတိကတိုက်ကို ခရီးမိုင်ပေါင်း ၁၀၀၀ နီးပါး(၁၆၀၀ ကီလိုမီတာ) ကို ရက်ပေါင်း ၅၄ ရက် ခြေလျင်ခရီးနှင်ပြီး အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့သူပါ။

တောင်ပိုင်းသမုဒ္ဒရာရဲ့ ရို့စ်ပင်လယ်ဖျားမှာရှိတဲ့ အန္တာတိကတိုက်နယ်နမိတ်အဆုံး ရို့စ်အိုက်စ်အငူကို ဖြတ်သန်းရောက်ရှိချိန်ဟာ သူ့ရဲ့ ခရီးစဉ်အဆုံးသတ်ပဲ ဖြစ်ကြောင်း အိုဘရက်ဒီက အင်စတာဂရမ်မှာ ရှင်းလင်းပြောဆိုထားပါတယ်။

“ကျွန်တော်ရဲ့ ပန်းတိုင်ဟာ ပြည့်မြောက်အောင်မြင်ခဲ့ပါပြီ။ အန္တာတိကတိုက်ကို ဘာအထောက်အပံ့၊ ဘာအကူအညီမှ မပါဘဲ တစ်ကိုယ်ရည် ဖြတ်သန်းတဲ့ သမိုင်းမှာ ပထမဆုံးပုဂ္ဂိုလ်ဟာ ကျွန်တော် ဖြစ်လာခဲ့ပါပြီ။”လို့ အိုဘရက်ဒီက ၃၂ နာရီအတွင်း နောက်ဆုံးခရီးမိုင် ၇၇ ဒဿမ ၅ မိုင်ကို အဆုံးသတ်လျှောက်လှမ်းပြီးနောက်မှာ အင်စတာဂရမ်မှာ ရေးသားဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။

“နောက်ဆုံး ၃၂ နာရီ ခြေလျင်ခရီးဖြတ်သန်းချိန်မှာ ကျွန်တော်ဘဝအတွက်တော့ တကယ်စိန်ခေါ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီ ခရီးစဉ်အကြောင်း အတွေးနယ်ချဲ့မိတာနဲ့ မွန်းကြပ်ပြီး အိပ်မပျော်နိုင်အောင်ကို ဖြစ်ခဲ့ရတဲ့ စိန်ခေါ်မှုတွေ ဖြတ်သန်းခဲ့ရတဲ့ ခရီးစဉ်ပဲ ဖြစ်ပါတယ်။”လို့ အိုဘရက်ဒီက ရေးသားပါတယ်။

သူ့ခရီးစဉ်လမ်းကြောင်းကို GPS စနစ်နဲ့ ခြေရာခံစေပြီး ခရီးစဉ်အတွင်း နေ့စဉ်အချက်အလက်တွေကို အိုဘရက်ဒီဟာ သူ့ရဲ့ colinobrady.com ဝက်ဘ်ဆိုက်ပေါ်မှာ နေ့စဉ်တင်ပြီး ဖော်ပြပေးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly