ကွမ်းယာဝယ်ရင်း ဓားထိုးမှုဖြစ်ပွား

ကွမ်းယာဝယ်ရင်း ဓားထိုးမှုဖြစ်ပွား

မကွေး၊ ဒီဇင်ဘာ ၂၇ ။        ။ မကွေးမြို့၊ အောင်ရတနာရပ်ကွက်၊ ရန်ဝေးရပ် ကားကြီးကွင်းတောင်ဘက် ပြည်တော်သာလမ်းတွင် ကွမ်းယာ ဝယ်ရင်း မူးယစ်သောက်စားထားသောအဖွဲ့နှစ်ဖွဲ့တွေ့ဆုံရာမှ စကားများရန်ဖြစ်ကာ ဓားထိုးမှုဖြစ်ပြီး တစ်ဦး သေဆုံးသွားသည်ဟု အမှတ်(၂) နယ်မြေရဲစခန်းမှ စခန်းမှူးက အတည်ပြုပြောကြားသည်။

ဒီဇင်ဘာလ ၂၇ ရက် နံနက် ၁ နာရီ ၃၀ အချိန့်ခန့်၌ အာကာထက်ဦး အပါအဝင် ၅ ဦးနှင့်  နိုင်ဝင်း အပါအဝင် (၃) ဦးတို့သည် ကွမ်းယာဝယ်ရင်းတွေ့ဆုံကာ မည်သည့်ရန်ငြိုးရန်စမှ မရှိဘဲ မင်းဘာကောင်လဲ ဆိုကာ တစ်ယောက်တစ်ခွန်းစကားများ ရန်ဖြစ်ကြကြောင်း ထို့နောက် အရိုးအသွား ၁၃ လက်မခန့်ရှိသော ဓားနှင့် ထိုးသည်ဟု သိရသည်။ ဓားထိုးခံရမှုကြောင့် နိုင်ဝင်း အသက်(၂၅)နှစ်မှာ ဝဲဘက်နို့အုံ ထိုးသွင်းဒဏ်ရာ (၃)ချက်၊ရင်ညွှန့်တစ်ချက်၊ ဝဲဘက်နံရိုးအောက် တစ်ချက်နှင့်နောက်ကျောကုန်း(၃)ချက်နှင့်ယာဘက်ဒူးအထက် နှစ်ချက် ထိုးသွင်း ဒဏ်ရာများရှိပြီး သေဆုံးသွားကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်အတွက် မကွေးမြို့ အမှတ်(၂) နယ်မြေရဲစခန်းမှ (ပ) ၇၀၈/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၁၁၄ (လူသတ်မှု/ပြစ်မှုကျူးလွန်ရာတွင် အားပေးသူကိုယ်တိုင်ရှိနေခြင်း) ဖြင့် အရေးယူဆောင်ရွက် ထားပြီး ကျူးလွန်သူများအနက် (၃)ဦး ကို မကွေးမြို့နှင် ၁၈ မိုင်ခန့် ဝေးကွာသော လျှော်တောကျေးရွာ၌ မနက် ၅ နာရီ မိနစ် ၅၀ ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အမှတ်(၂)ရဲစခန်းမှ စခန်းမှူးက ဆိုသည်။

ဖမ်းဆီးမိသူ (၃)ဦးမှာ မကွေးမြို့နယ် လျှော်တောကျေးရွာမှ အာကာထက်ဦး အသက်(၂၀) ၊ တောင်တွင်းကြီး မြို့နယ် စစ်တလင်းအုပ်စု အုန်းပင်စုကျေးရွာမှ ငြိမ်းချမ်းအောင် အသက်(၁၉)နှစ် နှင့်မကွေးမြို့ အောင်မင်္ဂလာ အုပ်စု ရန်မျိုးလုံ(၄)လမ်း တို့အား ဖြစ်ပွားချိန်မှ ၅ နာရီအတွင်း ဖမ်းဆီးရမိပြီး ကျန်နှစ်ဦးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေသည်ဟု အမှတ်(၂)နယ်မြေ ရဲစခန်းမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly