ကလေး၊ ဒီဇင်ဘာ ၂၆ ။ ။ ချင်းပြည်နယ်တောင်ပိုင်း ၊ ပလက်ဝမြို့နယ်၊ လေးမြို့မြစ်ပေါ်တွင် ချင်းပြည်နယ်အစိုးရမှ ရေကာတာတည်ဆောက်မည့် စီမံကိန်းပေါ် ဒေသခံများက ကန့်ကွက်နေကြသည်။
ဒီဇင်ဘာ ၂၄ ရက်နေ့က ယင်းဒေသရှိ ပြည်သူ ၉၀ ဦးက စီမံကိန်းအကောင်အထည်ဖော်မည့်နေရာတွင် ‘လေးမြို့မြစ်ထာဝရစီးဆင်းပါစေ’စာတန်းဖြင့် သွားရောက်ကန့်ကွက်ကြသည်။
ရေကာတာတည်ဆောက်မည့်နေရာသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အထက်ဘက်ရှိ သံထောင်ရွာနှင့်အထက် ၅ မိုင်အကွာမှာဖြစ်ပြီး လက်ရှိအချိန်တွင် ပြင်သစ်ကျွမ်းကျင်ပညာရှင်များက ကွင်းဆင်းလေ့လာလျက်ရှိကြောင်း သိရသည်။
"လေးမြို့မြစ်က မြစ်ကမ်းနဘေးမှာရှိတဲ့ ပြည်သူတွေရဲ့လမ်းမကြီးဖြစ်သလို နေ့စဉ်စားဝတ်နေရေးဖြေရှင်ပေးတဲ့မြစ်ဖြစ်တယ်။ ကျွန်တော်တို့ဘက်မှာ ကားလမ်းလည်းမရှိဘူး။ ဒီမြစ်ကိုပဲ အားထားနေရတယ်။ မြစ်အနီးနားမှာရှိတဲ့ ဝါး၊ သစ်ပင်၊ ငါးတွေရှာပြီး ရခိုင်ပြည်ဘက်မှာ ပြန်ရောင်းတယ်။ မြစ်ကမ်းနဘေးမှာ ကိုင်းကျွန်းတွေခုတ်ပြီး စိုက်ပျိုးရေးတွေလုပ်ကြတယ်။ ရေကာတာကြောင့် မြစ်ကမ်းဘေးက ကျေးရွာတွေရွှေ့ပြောင်းခိုင်းမှာ စိုးရိမ်ရတယ်"ဟု ချင်းမြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ နာယက ဆရာဘူးလွန်ကပြောသည်။
ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်ထိ လေးမြို့မြစ်ကမ်းနဘေးမှာတည်ရှိသည့် ကျေးရွာပေါင်း ၆၀ ကျော်ရှိပြီး လူဦးရေ ၁ သောင်းကျော်နေထိုင်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်ဝန်ကြီး ဦးစိုးထက်က" ရေအားလျှပ်စစ် မဂ္ဂါဝပ် (၆၀၀)ထုတ်လုပ်နိုင်တဲ့ ရေကာတာ အစီအစဉ်ရှိပြီး ဘယ်ချိန်တည်ဆောက်မယ်ဆိုတာ မသေချာသေးဘူး"ဟု ပြောသည်။
ထို့ကြောင့် လေးမြို့မြစ်ပေါ်တွင် ဒေသခံပြည်သူ များနှင့် ညှိနှိုင်းဆောင်ရွက်မှုမရှိဘဲ မည်သည့်စီမံကိန်းများမဆို မဆောင်ရွက်၊ မတည်ဆောက်ရန် ချင်းမြစ်ချောင်းများကွန်ယက်မှ ဒီဇင်ဘာ ၂၄ ရက်နေ့က သဘောထားထုတ်ပြန်ထားကြောင်း သိရသည်။