နောင်ချိုတွင် နှစ်ရက်ကြာပျောက်ဆုံးနေသည့် ဆယ်တန်းကျောင်းသူ နှစ်ဦး ပြန်လည်တွေ့ရှိ

နောင်ချိုတွင် နှစ်ရက်ကြာပျောက်ဆုံးနေသည့် ဆယ်တန်းကျောင်းသူ နှစ်ဦး ပြန်လည်တွေ့ရှိ
ဓာတ်​ပုံ- ဦးစက်​ထွန်​း

ရန်ကုန်၊ ဒီဇင်ဘာလ ၂၆ ။         ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရွှေမုဌောအုပ်စု၊ ရွှေမုဌောရွာတွင် နေထိုင်သူ ဆယ်တန်းကျောင်းသူ နှစ်ဦးမှာ အလည်သွားရာမှ ၂ ရက်ကြာပျောက်ဆုံးခဲ့ပြီး လက်ရှိတွင် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ပျောက်ဆုံး ခဲ့သူ မနန္ဒာဦး၏ ဖခင်ဖြစ်သူ ဦးစက်ထွန်းက မဇ္စျိမသို့ ပြောသည်။

အဆိုပါ မိန်းကလေးနှစ်ဦးကို ဒီဇင်ဘာလ ၂၆ ရက်၊ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် နောင်ချိုမြို့နယ်၊ ညစျေးတန်း၌ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ အခုပြန်တွေ့ပြီ။ နောင်ချိုညစျေးတန်းမှာ မုန့်ထွက်စားတာနဲ့ တူပါတယ်။ ညစျေးတန်းမှာ မုန့်စားနေတဲ့အချိန် သားတွေက တွေ့တာလေ။ အခုရဲစခန်းမှာသွားပြီးတော့ ထွက်ဆိုကြတာပေါ့။ ဘာကြောင့်အိမ်ကထွက်သွားတာ လည်းဆိုတာကိုတော့ မမေးရသေးဘူးဗျ။ ကလေးတွေနဲ့လည်း ကျွန်တော်မတွေ့ရသေးဘူး။ ကျွန်တော်က ရွာကအိမ်ကိုရောက်နေပြီ။ နောင်ချိုနဲ့ ကျွန်တော်တို့ရွာနဲ့ဆိုရင် ၈ မိုင်လောက်ဝေးတာလေ။ အခုကတော့ သူ့အကိုနဲ့ တွေ့နေပြီ”ဟု ဦးစက်ထွန်းက ပြောသည်။

မိန်းကလေးနှစ်ဦးမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ နေ့လယ် ၁၂ နာရီခန့်တွင် ရွှေမုဌောရွာမှ နောင်ချိုမြို့နယ်သို့ ဆိုင်ကယ်ဖြင့် ထွက်သွားခဲ့ပြီး ဆိုင်ကယ်အား နောင်ချိုမြို့နယ်ရှိ အဒေါ်ဖြစ်သူထံထားသွားပြီးနောက် ညနေ ၃ နာရီခန့်တွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“နောင်ချို ညစျေးတန်းမှာတွေ့တာ။ ညစျေးတန်းက နောင်ချိုစျေးအနားလေးမှာပဲ။ ကျွန်တော် တို့က ဆိုင်ကယ်နဲ့ ထိုင်ပြီးတော့ စောင့်နေတဲ့အချိန် သူတို့စျေးထဲကို ထွက်လာခဲ့တာ။ အခုက ကျွန်တော်တို့ ရဲစခန်းရောက်နေလို့။ ဘာကြောင့်ပျောက်နေလဲဆိုတာကိုတော့ သူတို့ကို မမေးရသေးဘူးခင်ဗျာ”ဟု ပျောက်ဆုံးခဲ့သူ မနန္ဒာဦး၏ အကိုဖြစ်သူ ကိုလင်းဦးက လက်ရှိအခြေအနေကို ပြောပြသည်။

အဆိုပါ မိန်းကလေးငယ်နှစ်ဦး ပျောက်ဆုံးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့ တစ်ညလုံး မိဘဖြစ်သူများက နောင်ချိုမြို့နယ်အနှံ့ လိုက်လံရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်းမရှိသဖြင့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် နောင်ချိုမြို့နယ်ရဲစခန်းတွင် လူပျောက်တိုင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly