ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်သည့်လုပ်ငန်းခွင်တွင် သဲကျောက်တင်ယာဉ် တိမ်းမှောက်

ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်သည့်လုပ်ငန်းခွင်တွင် သဲကျောက်တင်ယာဉ် တိမ်းမှောက်
ဓာတ်ပုံ - ဒီမိုးသွေး(မြိတ်)

ကျွန်းစု၊ ဒီဇင်ဘာ (၂၆) ။            ။ ကျွန်းစုမြို့နယ် ကံမော်ကျေးရွာတွင် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နေသည့် သဲကျောက်တင် ကား ၁ စီး သည် ဒီဇင်ဘာ ၂၅ ရက်နေ့က တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသော အလုပ်သမား ၁၃ ဦး အနက် တချို့မှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကံမော်ကျေးရွာ၌ ကုမ္ပဏီတစ်ခုမှ တာဝန်ယူဆောင်ရွက်နေသည့်ကျေးရွာချင်းဆက်လမ်းဖောက် လုပ်ငန်းတွင် ဒီဇင်ဘာ ၂၅ ရက်နေ့၌ လုပ်လက်စခင်းကျင်းထားသည့်လမ်းပေါ်သို့ အလုပ်သမားများ တင်ဆောင်လာသော ယာဉ် တစ်စီးမှလမ်းပေါ်ဖြတ်မောင်းရာ စလစ်ဖြစ်ပြီး လမ်းဘေးသို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“တိမ်းမှောက်မှုဖြစ်ပွားတဲ့ ကားက သဲကျောက်တင်တဲ့ ကားပါ။ အဲ့ဒီ ကားပေါ်မှာ အလုပ်သမား ၁၃ ဦး စီးနင်း လိုက်ပါလာတာ ဖြစ်တယ်။ လုပ်လက်စ လမ်းပေါ်မှာ ဖြတ်မောင်းလာတော့ စလစ်ဖြစ်ပြီး မှောက်တာ ဖြစ်တယ်။ အလုပ်သမား တချို့ကတော့ ထိခိုက်ဒဏ်ရာ ရထားတယ်။ ခြေ/ လက်ပြတ်တဲ့ သူတွေလည်း ရှိပါတယ်။ လက်ရှိတော့ စိုးရိမ်စရာတော့ မရှိတော့ပါဘူး။ ကံမော်တိုက်နယ် ဆေးရုံမှာဘဲ ဆေးဝါးကုသနေတယ်”ဟု  ကံမော်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဆန်းဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရှိသည့် အလုပ်သမား ၃ ဦးအနက် အမျိုးသား ၁ ဦးမှာ ညာဖက်ခြေတောက်ပြတ်ထွက်သွားပြီး၊ အမျိုးသမီး ၁ ဦးမှာ လက်ညို ၃ ချောင်း ပြတ်သွားကြောင်း၊ ကျန် ၁ ဦးမှာ ဦးခေါင််းပိုင်းတွင် ထိခိုက် ပွန်းပဲ့ခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ကံမော်နယ်မြေ ရဲစခန်းရုံးသို့ ဆက်သွယ် မေးမြန်ရာ လက်ရှိတွင် ယာဉ် (ပ) ၁/၂၀၁၈၊ ပုဒ်မ၊၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားပြီး၊ ယာဉ်မောင်းသူ အမည်နှင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား မေးမြန်ရာ ၄င်းရဲစခန်းမှ တာဝန််ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အလုပ်ရှုပ်နေ၍ အသေးစိတ်ကို အတည်ပြုပြောကြားနိုင်ခြင်း မရှိသေးကြောင်း ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly