နောင်ချိုတွင် ပျောက်ဆုံး ဆယ်တန်းကျောင်းသူ နှစ်ဦး ၂ ရက်ကြာထိ ပြန်မတွေ့သေး

နောင်ချိုတွင် ပျောက်ဆုံး ဆယ်တန်းကျောင်းသူ နှစ်ဦး ၂ ရက်ကြာထိ ပြန်မတွေ့သေး
ဓာတ်ပုံ- ဦးစက်ထွန်း

ရန်ကုန်၊ ဒီဇင်ဘာလ ၂၆ ။            ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရွှေမုဌောအုပ်စု၊ ရွှေမုဌောရွာတွင် နေထိုင်သူ ဆယ်တန်းကျောင်းသူ နှစ်ဦးမှာ အလည်သွားရာမှ ပျောက်ဆုံးနေပြီး ၂ ရက်ကြာထိ ပြန်လည်တွေ့ရှိခြင်းမရှိသေးကြောင်း ပျောက်ဆုံး နေသူ မနန္ဒာဦး၏ ဖခင်ဖြစ်သူ ဦးစက်ထွန်းက မဇ္စျိမသို့ ပြောသည်။

 

ပျောက်ဆုံးနေသူ ဆယ်တန်းကျောင်းသူ နှစ်ဦးမှာ အသက် ၁၇ နှစ်အရွယ်ရှိပြီး မမာလာအောင်နှင့် မနန္ဒာဦး တို့ဖြစ်ကြောင်းသိရသည်။ မိန်းကလေးနှစ်ဦးမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ နေ့လည် ၁၂ နာရီခန့်တွင် ရွှေမုဌောရွာမှ နောင်ချိုမြို့နယ်သို့ ဆိုင်ကယ်ဖြင့် ထွက်သွားခဲ့ပြီး ဆိုင်ကယ်အား နောင်ချိုမြို့နယ်ရှိ အဒေါ်ဖြစ်သူထံထားသွားပြီးနောက် ပျောက်ဆုံး ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

 

“ မိဘတွေလည်း သူတို့ကို မဆဲဘူး။ ရန်ဖြစ်တာလည်း မရှိဘူး။ ကျွန်တော်နဲ့အတူတူ ထမင်းစားပြီးတော့ ထွက် သွားတာ။ ရွာကနေပြီးတော့ နေ့လည် ၁၂ နာရီလောက် သူ့ရဲ့သူငယ်ချင်းနဲ့ပဲ ဆိုင်ကယ်နဲ့ ထွက်သွားတာ။ ညနေ ၃ နာရီလောက် နောင်ချိုမြို့ကိုရောက်တာပေါ့။ ဆိုင်ကယ်ကိုတော့ နောင်ချိုက သူ့ရဲ့အဒေါ်အကြီးဆီမှာ ထားခဲ့တယ်။ ဘယ်သွားမလဲဆိုတာလည်း ပြောမသွားဘူး။ အဲ့ကတည်းက ပျောက်သွားတာ”ဟု ပျောက်ဆုံး နေသူ မနန္ဒာဦး၏ ဖခင်ဖြစ်သူ ဦးစက်ထွန်းက ပြောသည်။

 

ပျောက်ဆုံးနေသူ မိန်းကလေးနှစ်ဦးထံတွင် ဆက်သွယ်ရန် ဖုန်းလည်းမပါကြောင်း၊ မိဘဖြစ်သူများက ပျောက်ဆုံးသည့်နေ့ ဒီဇင်ဘာလ ၂၄ တစ်ညလုံး နောင်ချိုမြို့နယ်အနှံ့ လိုက်လံရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်းမရှိသဖြင့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် နောင်ချိုမြို့နယ်ရဲစခန်းတွင် လူပျောက်တိုင်ထားခဲ့ကြောင်း သိရသည်။

“ ကျွန်တော်ကတော့ အမြန်ဆုံးပဲတွေ့ချင်တာပေါ့။ တွေ့မိတဲ့သူတွေလည်း အကြောင်းကြားပေးပါလို့။ ကလေး တွေပဲ ရှိသေးတယ်။ အန္တရာယ်ဖြစ်မှာ စိုးရိမ်တယ်။ မိန်းကလေးဆိုတော့ ပိုဆိုးတာပေါ့။ ယောင်္ကျားလေးက ကိစ္စမရှိဘူးလေ”ဟု ဦးစက်ထွန်းကပြောသည်။

ပျောက်ဆုံးနေသူ ဆယ်တန်းကျောင်းသူ မိန်းကလေးနှစ်ဦးအား တွေ့ရှိပါက ဖုန်းနံပါတ် 09- 787452853 သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly