မောင်တောတွင် ကျပ်သိန်း ၄ ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးပြားများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

မောင်တောတွင် ကျပ်သိန်း ၄ ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးပြားများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ
ဓာတ်ပုံ- ရဲတပ်ဖွဲ့

ရန်ကုန်၊ ဒီဇင်ဘာလ ၂၆ ။           ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နယ်မြေ(၄) နယ်စပ်ခြံစည်းရိုးအနီးမှ ကျပ်သိန်း ၄ ထောင်ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းကျော်အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၄ နာရီခန့်အချိန်တွင် အဆိုပါနေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာမှ ယင်းမူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အနက်ရောင်ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် အထုပ် ၂၂ ထုပ်အတွင်းမှ ၁ ပြားလျှှင် ၂ဝဝဝ ကျပ်နှုန်းဖြင့် ကျပ်သိန်း ၄၁၈ဝ တန်ဖိုးရှိ စိတ်ကြွဆေးပြား၂ဝ၉ဝဝဝ ပြားအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ယင်းမူးယစ်ဆေးဝါးများ ရှာဖွေမတွေ့မီ မိနစ်ပိုင်းခန့်က အဆိုပါ နယ်စပ်ခြံစည်းရိုးအနီး လုံခြုံရေးတပ်ဖွဲ့များမှ ကင်းပုန်းဝပ်နေစဉ် ကိုက် ၁ဝဝ ခန့်အကွာတွင် လူ ၅ ဦး(စိစစ်ဆဲ)တို့က နယ်စပ်ခြံစည်းရိုးအနီးရောက်ရှိလာ ကြောင်း ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါး သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ လူ ၅ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်ရန်ပြောဆိုခဲ့သော်လည်း ထွက်ပြေးသွားသဖြင့် သေနတ်ဖြင့် ၃ ချက်ခန့် သတိပေးပစ်ခတ်ခဲ့ကြောင်း၊ လယ်ကွင်းအတွင်း ထွက်ပြေးသွားခဲ့ပြီး အဆိုပါ နယ်စပ်ခြံစည်းရိုးနေရာအား နယ်မြေရှင်းလင်းခဲ့ရာမှ ယင်းမူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် အဆိုပါ သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွဆေးပြားများနှင့် ပတ်သက်ပြီး ကြိမ်ချောင်းနယ်မြေရဲ စခန်းတွင် မူးယစ်(ပ)၇/၂ဝ၁၈၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး တရားခံဖမ်းမိရေးအတွက် ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

ဒီဇင်ဘာ ၂၄ ရက်နေ့၊ ည ၉ နာရီ၊ ၁၅ မိနစ်ခန့်ကလည်း မောင်တောမြို့နယ်၊ ပိုက်ဆိပ်ကျေးရွာအနီးရှိ မကျီး ချောင်းတွင် ဟူဆောင်းနာမွတ်၊ အဒူရာမွတ်၊ နိုဟုသနှင့် မာမွတ်အာယုပ် ဆိုသူတို့ ၄ ဦးလှော်ခတ်လာသည့် သစ်သားလှေအတွင်းမှ ကျပ်သိန်းပေါင်း ၉ ထောင်ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၆၅,၅ဝဝ ပြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ၎င်းတို့ ၄ ဦးကိုဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် သက်ဆိုင်ရာရဲစခန်း၌ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly