မန်းချောင်းသောင်ပြင်ပြုပြင်ခြင်းလုပ်ငန်းများအတွက် ကျပ် သိန်း ၁၀၀၀ ဝန်းကျင်ခန့် ကုန်ကျနိုင်

မန်းချောင်းသောင်ပြင်ပြုပြင်ခြင်းလုပ်ငန်းများအတွက် ကျပ် သိန်း ၁၀၀၀ ဝန်းကျင်ခန့် ကုန်ကျနိုင်

မကွေး၊ ဒီဇင်ဘာ ၂၆ ။          ။ ၂၀၁၉ ခုနှစ် မန်းရွှေစက်တော်ဗုဒ္ဓပူဇနိယပွဲကျင်းပရန် မန်းချောင်းသောင်ပြင်ပြုပြင်ခြင်းလုပ်ငန်းများအတွက် ဘုရားဘဏ္ဍာငွေ ကျပ် သိန်း ၁၀၀၀ ဝန်းကျင်ခန့် ကုန်ကျနိုင်သည်ဟု မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ  သိရသည်။

မန်းစက်တော်ရာ ဘုရားပွဲတော်ကွင်း သောင်ပြင်ခြင်းလုပ်ငန်းအတွက် ယခင်နှစ်က ကျပ် ၄၀၄ သိန်းခန့် ကုန်ကျမှု ရှိခဲ့သော်လည်း ယခုနှစ်၌ သောင်ပြင်သည့်ကာလ အချိန်တိုသွား၍ နေ့ရောညပါ စက်အားလူအား စိုက်ထုတ်လုပ်ဆောင်နေရကာ ကျပ် သိန်း ၁ဝဝဝဝန်းကျင်ခန့် ကုန်ကျနိုင်ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးအောင်သိန်းက ပြောသည်။

သောင်ပြင်စရိတ်ပိုမိုလာမည်ဖြစ်သော်လည်း ရေစပ်တည်းခိုဆောင်များ ပိုထွက်လာမည်ဖြစ်၍ ရေစပ်တွင် တည်းလိုသည့် ဘုရားဖူးများအတွက် အဆင်ပြေမည်ဖြစ်ပြီး ယခင်နှစ်များကထက် တည်းခိုဆောင် လုပ်ငန်းမှ ရရှိမည့် ရန်ပုံငွေမှာလည်း ပိုမိုလာမည်ဖြစ်ကြောင်း ဂေါပကဥက္ကဋ္ဌက ဆိုသည်။

သောင်ပြင်လုပ်ငန်းအတွက် ၁၉၉၅ ခုနှစ် မှ ၂၀၀၅ ခုနှစ်ထိ ဆည်မြောင်းဦးစီးဌာနမှ ယာဉ်၊ ယန္တယား၊ ပညာရှင်များနှင့် စက်သုံးဆီပါ ကုန်ကျခံ ကုသိုလ်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပြင်ဆင်ချိန်ကာလတိုတောင်း၍ အချိန်မီပြီးစီးရန် ပြင်ပကုမ္ပဏီမှ ယာဉ်၊ယန္တယားများ ငှားရမ်းရခြင်းတို့ကြောင့် ကုန်ကျစရိတ် ပိုမိုများပြားရခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် ဂေါပကအဖွဲ့မှ ဆည်မြောင်းမှအကူအညီပေးသည့် စက်ယန္တယားဆီဖိုးကိုကျခံပြီး သောင်ပြင်လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်တွင် ချောင်းရေကြီးမှုကြောင့် အပျက်အစီးများကြောင်း၊ ထိုအပြင် ဆည်မြောင်းလုပ်ငန်းများ မပြီးသေး၍ ဆည်မြောင်းဌာနမှ ဘက်ဟိုး(၃)စီး၊ ဒိုဇာ(၂)စီးသာ ပေးနိုင်ပြီး ပြင်ပကုမ္ပဏီမှ ဘက်ဟိုး ၅ စီး၊ ဒိုဇာ ၄ စီး၊ ဖောကား ၄ စီး၊ ထွန်စက် ၂ စီး ငှားရမ်းအသုံးပြုနေရကြောင်း သိရသည်။

သောင်ပြင်ခြင်းလုပ်ငန်းတွင် ကြီးကြပ်ဆောင်ရွက်နေသည့် ငဖဲမြို့နယ်၊ ဆည်မြောင်းဦးစီးဌာန (မန်းချောင်းရေ လှောင်တမံ) ဦးစီးမှူး ဦးမောင်မောင်ဝင်း က “ မိုးများ၍ ချောင်းရေကြီးမှုဖြစ်စဉ်ကြောင့်ရယ် မနှစ်က နိဝင်ဘာ လဆန်းလောက်ကစပြီး သောင်ပြင်ဆင်တယ်၊ ဒီနှစ်က ဒီဇင်ဘာလဆန်းမှ စဆောင်ရွက်ရပါတယ်၊ ကျွန်တော် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ၂၄ နှစ်အတွင်း ဒီနှစ်က အခက်ခဲဆုံးနှစ်ဖြစ်ပါတယ်” ဟု ပြောသည်။

ဒီဇင်ဘာလ ၁ ရက် နေ့မှစ၍ နေ့စဉ် နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ ဆက်တိုက်ဆောင်ရွက်လျက်ရှိနေသဖြင့် ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် လုပ်ငန်း (၉၅) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ဆိုသည်။

မန်းစက်တော်ရာ ဘုရားပွဲတော်အား တပို့တွဲ လဆန်း(၅)ရက်နေ့မှ နှစ်ဆန်းနှစ်ရက်နေ့အထိ အချိန်နှစ်လကျော် ကျင်းပသွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly