ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမီးလောင်မှုမှာ ၀ါယာရှော့ခ်ကြောင့်ဖြစ်

ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမီးလောင်မှုမှာ ၀ါယာရှော့ခ်ကြောင့်ဖြစ်

ရန်ကုန်၊ဒီဇင်ဘာ၂၅ ။             ။ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံတွင် ယမန်နေ့ည ဒီဇင်ဘာ ၂၄ ရက်နေ့၊ ည ၁၁ နာရီ ၄၆ မိနစ်ခန့်က မီးလောင်ကျွမ်းခဲ့မှုမှာ ၀ါယာရှော့ခ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါမီးလောင်မှုကို Level 3 အဆင့် မီးသတ်ယာဉ် ၃၉ စီး ဖြင့် ငြိမ်းသတ်ခဲ့ရပြီး ည ၁၂ နာရီ ၃၉ မိနစ်တွင် ငြိမ်းသတ်နိုင်ခဲ့ကာ လူနာများထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်းသိရသည်။

 “ ည ၁၁ နာရီဝန်းကျင်လောက်မှာပေါ့။ ထမင်းစားဆောင်က လျှပ်စစ်ဝါယာကြိုး ပြီးခဲ့တဲ့ ၂ ရက်၊ ၃ ရက် လောက်က လာပြင်ထားတယ် ပြောတယ်။ အဲ့ဒီ လျှပ်စစ်ဝါယာကြိုးတွေ မီးကူးစက်လောင်တာပေါ့နော်။ ဝါယာရှော့ခ် ဖြစ်တာပေါ့။ ၅ နာရီခွဲ ၆နာရီဆို စားဖိုခန်းပိတ်တာကိုး။ မီးလေး နည်းနည်းကူးလာမှန်းသိတော့ လူနာတွေကို ရွှေ့လိုက်တယ်။ ညဘက်ဆို လူနာတွေကို ဆေးတိုက်ထားတာကိုး။ လူနာတွေကိုရွှေ့ပြီး မီးသတ်ကို ဖုန်းဆက်တယ်။ လူနာ၂၅၀၊ ၃၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။ လူနာတွေကတော့ ထိခိုက်ပျောက်ရှမှု မရှိပါဘူး” ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်၂ မှ ဦးကျော်ကျော်မောင်က မဇ္ဈိမသို့ ပြောသည်။

စိတ်ကျန်းမာရေးဆေးရုံတွင် ကုသနေသူ လူနာအများစုမှာ စိတ်ကျန်းမာရေးအခြေအနေ ကုသနေရသူများ ဖြစ်သောကြောင့် မီးလောင်မှုအကြောင်းအရင်းကို လူမှုကွန်ရက်များပေါ်တွင် အမျိုးမျိုးဝေဖန်ပြောဆိုနေကြသော်လည်း ၀ါယာရှော့ခ်ကြောင့် လောင်ကျွမ်းခြင်းဟု သိရသည်။

လက်ရှိတွင် အဆိုပါ မီးလောင်ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၆၀ ကျော်ခန့် ရှိကြောင်း မြန်မာနိုင်ငံ၊ မီးသတ်တပ်ဖွဲ့ ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly