ပွင့်ဖြူမြို့နယ်တွင် ဆစ်(ခ်)ဓမ္မကျမ်းစာတော်မြတ် ဖတ်ကြားရွတ်ဖတ်၊ အလံတင်ပွဲ ကျင်းပ

ပွင့်ဖြူမြို့နယ်တွင် ဆစ်(ခ်)ဓမ္မကျမ်းစာတော်မြတ် ဖတ်ကြားရွတ်ဖတ်၊ အလံတင်ပွဲ ကျင်းပ

ပွင့်ဖြူ၊ ဒီဇင်ဘာ ၂၅ ။           ။ ဆစ်(ခ်)ဓမ္မကျမ်းစာရွတ်ဖတ်ပွဲနှင့် အလံတင်ပွဲအခမ်းအနားအား ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ဒီဇင်ဘာလ၂၅ ရက်နေ့ အထိ ၃ ရက်တိုင်တိုင် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာရှိ ဆစ်(ခ်) ဘုရားကျောင်းတော်၌ ကျင်းပလျှက်ရှိသည်။

အစီအစဉ်အရ ဝေနေယျသတ္တဝါတို့ ကောင်းကျိုးချမ်းသာရရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ဆစ်(ခ်)ဓမ္မကျမ်းမြတ်တော် ရွတ်ဖတ်ပူဇော်ကန်တော့ခြင်း၊ ဆစ်(ခ်)သာသနာ့အလံတော်အား လွှင့်တင်ခြင်း၊ တရားတော်နာယူခြင်း၊ ဝေနေယျသတ္တဝါများအားလုံး ကောင်းကျိုးချမ်းသာရရှိစေရန်အတွက် ဆုတောင်းပတ္တနာ ပွဲများ (၃)ရက်တိုင်တိုင်ကျင်းပလျှက်ရှိကာ လာရောက်သည့် ဘုရားဖူးဧည့်သည်တော်များအား သက်သက်လွတ်အကျွေးအမွေးဖြင့် ကုသိုလ်ပြု ကျွေးမွေးလှူဒါန်းကြောင်း သိရသည်။

အဆိုပါပွဲသို့ တောင်ကြီး၊ ရမည်းသင်း၊ ရန်ကုန်၊ မန္တလေး ၊ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ ကုန်းဇောင်း နှင့် နိုင်ငံခြား ရောက် ဆစ်(ခ်) ဘာသာဝင် မိသားစုများ အခြားမြို့နယ်များမှ ဆစ်(ခ်) ဘာသာဝင် မိသားစုများ ၄၅၀ ခန့် လာရောက်ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နှင့် ၆ မိုင် ၄ ဖာလုံဝေးသည့် ကုန်းဇောင်းမြို့တွင် ဆစ်(ခ်)ဘုရားရှိခိုး ကျောင်းတော်ဖွင့်ပွဲမှာ ရောက်ရှိ လာသည့် ဧည့်ပရိတ်သတ်များ ဒေသခံများအား အချိုမှုန့်၊ငံပြာရည်မပါသည့် သက်သက်လွတ် ထမင်းဟင်း၊ စမူစာစစ်စစ်၊ ဂျင်းလဘက်ရည်များ၊ ချပါတီများ ၊အချိုမုန့်များ ဧည့်ခံကျွေးမွေးကြကြောင်း တွေ့ရသည်။

ဘုရားကျောင်းပေါ်တွင် ပြုလုပ်လျှက်ရှိသည့် ဆစ်(ခ်)ဓမ္မကျမ်းစာရွတ်ဖတ်ပွဲ တက်ရောက်နာယူရန်အတွက် အရိုအသေပေးခြင်းအနေဖြင့် အမျိုးသား၊အမျိုးသမီးများ ခေါင်းစည်းပဝါပေါင်းရပြီး ဟိန္ဒူလူမျိုးနွယ်စုတွင် ဆစ်(ခ်)လူမျိုးအမျိုးသမီးများသည် ဘာသာရေး၊ လူမှုရေး၊ သာရေးနာရေးများနှင့် လူမှုဘဝတွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေး ရရှိကြောင်း သိရသည်။

မြန်မာတစ်နိုင်လုံးတွင် ဆစ်(ခ်)ဘာသာဝင် (၆၀၀၀) နီးပါး ရှိကြောင်း၊ မြန်မာနိင်ငံတွင် လူအခွင့်အရေးတန်းတူ ရရှိကြောင်း ၊ ကုန်းဇောင်းကျေးရွာ ဆစ်(ခ်)ဓမ္မကျမ်းစာတော်မြတ် ဖတ်ကြားရွတ်ဖတ်ပွဲသို့ ရောက်ရှိနေသော ဆစ်(ခ်)ဘာသာနယ်လှည့်သာသနာပြု အကျိုးတော်ဆောင် ဂရာနီးသာရာဆင်း(တောင်ကြီး)က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly