လှိုင်သာယာတည်းခိုခန်းအတွင်းမှ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူ ၃ ဦးအား ဖမ်းဆီး

လှိုင်သာယာတည်းခိုခန်းအတွင်းမှ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူ ၃ ဦးအား ဖမ်းဆီး
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဒီဇင်ဘာလ ၂၄ ။              ။ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်၊ နဝဒေးလမ်းရှိ တည်းခိုခန်းတစ်ခုအတွင်းမှ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှ သိရသည်။

ယင်းတည်းခိုခန်းအတွင်းမှ ဖမ်းဆီးရမိသူ ၃ ဦးမှာ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး သံဒင်းလမ်းမှ အသက် ၂၁ နှစ်အရွယ်ရှိသော ဇွဲထက်အောင်(ခ)မွှေးနီ၊ နှင်းပန်းလမ်းသွယ်(၁) လမ်းမှ အသက် ၂၄ နှစ်အရွယ် သက်သက်ဝေ(ခ)သိမ့်သိမ့်နှင့် လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်တွင် နေထိုင်သော အသက် ၃၅ နှစ်အရွယ် သန်းဌေးအောင်(ခ) ဇော်ဇော်တို့ ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဒီဇင်ဘာလ ၂၄ ရက်တွင် သတင်းထုတ်ပြန် ထားသည်။

၎င်းတို့ ၃ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၁၃ ပြား၊ မူးယစ်ဆေးဝါးရောင်းချသည့်ငွေ ၆၆ဝဝဝ ကျပ်၊ မူးယစ်ဆေးရောင်းဝယ်ရာတွင်အသုံးပြု သည့် ဖုန်း ၃ လုံး၊ ဆိုင်ကယ် ၂ စီးနှင့် ဓား ၃ ချောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရာ တွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့၊ ညနေ ၂ နာရီ၊ ၄ဝ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များက သတင်းအရ လှိုင်သာယာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး အဆိုပါ နဝဒေးလမ်းရှိ တည်းခိုခန်းအတွင်းသို့ သွားရောက်ရှာဖွေရာမှ ယင်းမူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိတွင် ဖမ်းဆီးထားသူ အသက် ၂၁ နှစ်အရွယ် ဇွဲထက်အောင်(ခ)မွှေးနီ၊ အသက် ၂၄ နှစ်အရွယ် သက်သက် ဝေ(ခ)သိမ့်သိမ့်နှင့် အသက် ၃၅ နှစ်အရွယ် သန်းဌေး အောင်(ခ) ဇော်ဇော်တို့ ၃ ဦးအား သက်ဆိုင်ရာရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly