ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝင်းအတွင်း ပြန်ဆောက်မည့်ကစားကွင်းသစ်ကို ကလေးများအတွက်သာ ဖြစ်စေချင်ဟုဆို

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝင်းအတွင်း ပြန်ဆောက်မည့်ကစားကွင်းသစ်ကို ကလေးများအတွက်သာ ဖြစ်စေချင်ဟုဆို
ဒီဇင်ဘာလ ၂၄ ရက် ညနေပိုင်းက ကစားကွင်းအဟောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)

ဒီဇင်ဘာ ၂၄၊ ရန်ကုန် ။              ။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝင်းအတွင်း၊ သစ်တောပိုင်မြေနေရာရှိ အသုံးပြုခြင်း မရှိတော့သည့် ကစားကွင်းနေရာ ဟောင်းကို ခေတ်မီဘက်စုံကစားကွင်းသစ်အဖြစ် ပြန်လည်တည်ဆောက်မည် ဖြစ်ရာ စီးပွားရေးလုပ်ငန်းရှင်များ အတွက် မဟုတ်ဘဲ ကလေးများအတွက် ကစားကွင်းစစ်စစ် ဖြစ်စေချင်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)မှ ဦးလှဌေးက မဇ္ဈိမသို့ ပြောသည်။

“ အဲနေရာလေးကို ကျွန်တော်က တကယ့် ကလေးကစားကွင်းစစ်စစ် ဖြစ်စေချင်တယ်။ ကလေးတွေ ကစားမယ် နောက်ပြီးတော့ ကလေးတွေ ဗဟုသုတရစေမဲ့၊ အသိဉာဏ်ပညာလေးတွေ ပေးတဲ့ ကစားကွင်းမျိုး ဖြစ်စေချင် တယ်။ ကစားကွင်းဆောက်မယ်ဆိုပြီး စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုင်ခန်းတွေ ဖွင့်ပြီး နေရာတော့ မယူစေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့က တင်ဒါခေါ်လည်း တင်ဒါကို ဝင်ပြိုင်တယ်။ ပြိုင်ပြီး မြေနေရာ တွေ ယူတယ်။ စားသောက်ဆိုင်တွေ ဖွင့်မယ်။ ဆိုင်ခန်းတွေ ဖွင့်မယ်။ ဖျော်ဖြေရေးတွေ လုပ်မယ်။ လောင်းကစားတွေ၊ ဂိမ်းတွေ၊ ဘာတွေ လာမယ်။ အဲ့ဒါမျိုးတွေ လုပ်တာ။ အဲ့ဒါမျိုးကို ကျွန်တော်က လုံးဝ မဖြစ်စေချင်ဘူး ” ဟု ၄င်းက ပြောသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နယ်နမိတ် ၁၀ ဒသမ ၁၈ ဧက ကျယ်ဝန်းသော မြေနေရာရှိ ၂၀၁၂ ခုနှစ်ကတည်းက ၆ နှစ်ကြာ ပိတ်သိမ်းခဲ့သည့် ဒို့ပြည်သားကစားကွင်းမြေနေရာ၌ ခေတ်မီဘက်စုံ ကစားကွင်းအသစ် ပြန်လည်တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။

အဆိပါနေရာသည် လက်ရှိတွင် လူသူကင်းမဲ့နေပြီး ကစားကွင်းပစ္စည်းအဟောင်းများဖြင့်  ပြည့်နှက်နေကာ လူမှုကွန်ရက်သုံးစွဲသူအချို့က ဓာတ်ပုံများ တင်ခဲ့ကြသည်ကို ၂၀၁၆ ခုနှစ်အတွင်း တွေ့ရသည်။

လက်ရှိတွင် ကစားကွင်းသစ်အတွက် သစ်တောဌာနမှ ဒီဇိုင်းတင်ဒါများခေါ်ယူနေပြီး ဒီဇိုင်းတင်ဒါ ရွေးချယ်ပြီး ပါက တည်ဆောက်ရန် ထပ်မံ တင်ဒါ ခေါ်ယူမည်ဖြစ်ကာ  ယင်းနောက်ပိုင်းမှသာ ကစားကွင်းအသစ် တည်ဆောက်မည် ဖြစ်သည်။

လက်ရှိတွင် ဒီဇိုင်အဆိုပြုလွှာများရောင်းချထားပြီး ဒီဇိုင်းဆွဲသူများက လာမည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း သစ်တောသို့ ပြန်လည်တင်ပြရမည် ဖြစ်သည်ဟု သစ်တောဝန်ကြီးဌာနမှ သိရသည်။

" ၂၀၁ဝလောက်တုန်းက ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ ရိုလာကိုစတာ သွားစီးတာ ၅ ခေါက်လားမသိဘူး ။ အသံဝင်တဲ့ထိစီးတာ အဲ့ဒါတော့အမှတ်တရ ။ ပြန်ဖွင့်မယ်ဆိုရင်တော့စျေးလည်းအရမ်းမကြီးဘူး၊ လူတိုင်းလည်းစီးနိုင်တယ် ပြီးတော့ တကယ်ပိုအဆင့်မှီတဲ့ဟာမျိုးပဲ ဖြစ်စေချင်တယ်။ အရင်တုန်းက ကစားခဲ့တဲ့ကစားနည်းတွေ အကုန်ပြန်ပါစေချင်တယ်။ အခုရင်ပြင်မှာရှိတဲ့ ရိုလာကိုစတာထက် အဲ့တုန်းကဟာကို ပိုပြီးတော့သဘောကျတယ်။ အဲ့တုန်းကဟာကို ပြန်ပြီးတော့ပါစေချင်တယ်" ဟု တာမွေမြို့နယ်တွင်နေထိုင်သူ မနှင်းဝတ်ရည်ဖြိုးက ယခင် ဒို့ပြည်သားကစားကွင်းနှင့်ပတ်သက်ပြီး ပြောသည်။

ဒို့ပြည်သားကစားကွင်းကို ၁၉၉၇ တွင် ဒို့ပြည်သား အင်တာပရိုက်စ်ကုမ္ပဏီမှ ငှားရမ်းလုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ အောက်တိုဘာတွင် သစ်တောဦးစီးဌာနမှ ပြန်လည်လွှဲပြောင်းယူခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly