လူမနေသည့်ကျူးတဲအတွင်းမှ မူးယစ်ဆေးသုံး ပစ္စည်းများနှင့်အတူ အမျိုးသား ၃ ဦးဖမ်းမိ

လူမနေသည့်ကျူးတဲအတွင်းမှ မူးယစ်ဆေးသုံး ပစ္စည်းများနှင့်အတူ အမျိုးသား ၃ ဦးဖမ်းမိ
ဓာတ်ပုံ- မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဒီဇင်ဘာလ ၂၄ ။         ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြောက်စက်ရိတ်ရွာတောင်ဘက်ရှိ လူမနေသည့် ကျူးတဲတစ်ခု အတွင်းမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ဆေးထိုးအပ် ၂၁ ချောင်း၊ ခဲစက္ကူလိပ်အပိုင်းအစ ၈ဝ ခုအပါအဝင် အမျိုးသား ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိခဲ့သူ ၃ ဦးမှာ ကလေးမြို့တွင်နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် စိုးထိုက်အောင်၊ မဟာအောင် မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၉ နှစ်အရွယ် မျိုးမင်းဟိန်းနှင့် ပူတာအိုမြို့၊ ပန်းလှိုင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် စောအောင်နိုင်တို့ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒီဇင်ဘာလ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ကျူးတဲအတွင်းမှ ၎င်းတို့ ၃ ဦးနှင့်အတူ ဘိန်းဖြူများ ကပ်ညှိနေသည်ဟုယူဆရသည့် သုံးလက်စဆေးထိုးပိုက် တွင် အပ်တပ်လျက် ၂၁ ချောင်း၊ IDA တံဆိပ်ဖြင့် တစ်ကတ်လျှင် ၁ဝ ဘူးပါ မိုးရေဘူး ၂၆ ကတ်၊ ခဲစက္ကူလိပ် အပိုင်းအစ ၈ဝ ခု၊ ဂက်စ်မီးခြစ် ၇ လုံး၊ မူးယစ်ဆေးဝါးသုံးစွဲပြီး စွန့်ပစ်အမှိုက်ထည့်သည့် ပီနံအိတ် ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၁ဝ နာရီ၊ ၄၅ မိနစ်အချိန်ခန့်တွင် ပုသိမ်းကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ သရက်တပင် ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မူးယစ်တပ်ဖွဲ့စု(၁၇) မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ အဆိုပါ လူမနေသည့် ကျူးတဲအတွင်း မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် ဖမ်းဆီးထားသည့် အသက် ၂၅ နှစ်အရွယ် စိုးထိုက်အောင်၊ အသက် ၂၉ နှစ်အရွယ် မျိုးမင်းဟိန်း နှင့် အသက် ၃၂ နှစ်အရွယ် စောအောင်နိုင်တို့ ၃ ဦးကို ပုသိမ်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly