ခရီးသည်များရှိပါက ညပိုင်းပြေးဆွဲသည့် YBS ဘတ်စ်ယာဉ်များစီစဉ်ပေးမည်

ခရီးသည်များရှိပါက ညပိုင်းပြေးဆွဲသည့် YBS ဘတ်စ်ယာဉ်များစီစဉ်ပေးမည်
၂၄ နာရီဝန်ဆောင်မှုအဖြစ်ပြေးဆွဲပေးနေသည့် YBS ၂ဝ ယာဉ်အား ဒီဇင်ဘာလ ၁၉ ရက်နေ့၊ ညနေပိုင်းတွင် တွေ့မြင်ရစဉ်။ ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဒီဇင်ဘာလ ၂၄ ။                    ။ ရန်ကုန်မြို့တွင်း ညပိုင်းသွားလာနေသည့် ခရီးသည်များရှိပါက ညလုံးပေါက်ပြေးဆွဲမည့် YBS ဘတ်စ်ယာဉ် များကို စီစဉ်ပေးသွားမည်ဟု YRTA( ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့)မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ထိုသို့ YBS ဘတ်စ်ယာဉ်များ ညလုံးပေါက် ထပ်မံတိုးချဲ့ပြေးဆွဲပေးနိုင်ရန်အတွက်လည်း ညပိုင်းစီးနင်းမည့် ခရီးသည် ရှိ၊ မရှိမှာ အရေးကြီးကြောင်း ၎င်းကပြောသည်။

“ ခရီးသည်ရှိမယ်ဆိုရင် ကျွန်တော်တို့က လုပ်ပေးမှာပေါ့။ စီးနင်းမယ့် ခရီးသည်ရှိတယ်။ မရှိဘူး ဆိုတာ ကလည်း အရေးကြီးတယ်။ ဘာကြောင့်လည်းဆိုတော့ ညကြီးပိုင်းပြေးရတယ်ဆိုတာက အများကြီး စဉ်စားရတယ်။ အားလုံးပေါ့နော်”ဟု ဒေါက်ာတာမောင်အောင်က မဇ္စျိမကို ပြောသည်။

လက်ရှိတွင် ညပိုင်းသွားလာနေသည့် ခရီးသည်များအတွက် OMNI FOCUS ကုမ္ပဏီမှ YBS ယာဉ်လိုင်းအမှတ် YBS ၂ဝ၊ YBS ၈၃၊ YBS ၉၈၊ YBS ၉၉ တို့ဖြင့် ၂၄ နာရီဝန်ဆောင်မှုအဖြစ် တိုးမြှင့်ပေးဆွဲပေးနေပြီး ဒီဇင်ဘာလ ၁၉ ရက်၊ ညပိုင်းမှ စတင်ကာ ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။ ယာဉ်စီးခများကိုလည်း နေ့ပိုင်းစီးသည့် ယာဉ်စီးခအတိုင်း ကောက်ခံခြင်းဖြစ်ကြောင်း Omni Focus General Services Public ကုမ္ပဏီလီမီတက်မှ သိရသည်။

ထို့အပြင် ခရီးသည်များလုံခြုံရေးအတွက် YBS ဘတ်စ်ယာဉ်များပေါ်တွင် လုံခြုံရေးဝန်ထမ်းတစ်ဦးစီ လိုက်ပါရန် စီစဉ်ထားပြီး ၂၄ နာရီဝန်ဆောင်မှုအနေဖြင့် တိုးမြှင့်ပြေးဆွဲမည်ဖြစ်သည့်အတွက် ယာဉ်မောင်းများကိုလည်း နေ့ယာဉ်မောင်းနှင့် ညယာဉ်မောင်းဟူ၍ နှစ်ဦးစီ တာဝန်ပေးထားကြောင်း OMNI FOCUS ကုမ္ပဏီမှ တာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်။

ထိုသို့ ညလုံးပေါက်ပြေးဆွဲရာတွင် ခရီးစဉ်ရှည်သည့် ယာဉ်လိုင်းများတွင် YBS ဘတ်စ်များကို မိနစ် ၃ဝ လျှင် တစ်စီးနှုန်းဖြင့် လွှတ်ပေးနေပြီး ခရီးစဉ်တိုသည့် ယာဉ်လိုင်းတွင် ယာဉ်များကို ၄၅ မိနစ်လျှင် တစ်စီးနှုန်းဖြင့် လွှတ်ပေးနေကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly