မကွေးတိုင်းကို မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု ပြည်ထောင်စုဝန်ကြီးပြော

မကွေးတိုင်းကို မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု ပြည်ထောင်စုဝန်ကြီးပြော

ဒီဇင်ဘာ ၂၄၊ မကွေး ။            ။ မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီး ဖြစ်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ က ပြောကြားခဲ့ပြီး လယ်ယာကဏ္ဍ အရေးပါပုံကို ထည့်သွင်းပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့က မကွေးမြို့နယ်၊ ဂွေးတောက်စမ်းကျေးရွာအနီး နှမ်းကုန်ချောစက်ရုံဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက ပြောကြားခဲ့ခြင်း ဖြစ်သည်။

" နိုင်ငံရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) ၃၀ ရာခိုင်နှုန်းခန့်ကို လယ်ယာကဏ္ဍမှ ရရှိတာ ဖြစ်ပါတယ်။ နိုင်ငံလူဦးရေ ၆၈ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူတွေဟာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေအပေါ် မှီခိုအသက်မွေးကြတဲ့အတွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဟာ နိုင်ငံတော်ရဲ့ ပဓာနကျတဲ့ တာဝန်တစ်ရပ်ဆိုတာ သိသာထင်ရှားလှပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း နှစ်စဉ် ဆီထွက်သီးနှံ နှမ်းစိုက်ဧက ၁၁၇၁၀၂၉ ဧကရှိပြီး မြေပဲစိုက်ဧက ၅၆၁၉၆၀ ဧက စုစုပေါင်း ၁၇၃၂၉၈၉ ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ယခင်က စိုက်ပျိုးသီးနှံများကို မိရိုးဖလာနည်းလမ်းဖြစ်သည့် နွားချေးကို မြေသြဇာ အသုံးပြုခဲ့ကြသော်လည်း ယခုခေတ်တွင် ဓာတုမြေသြဇာများ အသုံးပြုလာမှုကြောင့် စျေးကွက် ထိခိုက်ရသည်ဟု ဆည်မြောင်းတိုင်းဝန်ကြီးက ဆိုသည်။

"  ခေတ်မီဓာတုဗေဒဓာတ်မြေသြဇာများ အလွန်အကျွံ အသုံးပြုပြီး စိုက်ပျိုးခြင်းကြောင့် ထွက်ရှိလာသော သီးနှံများမှာ ဓာတုဓာတ်ကြွင်းများလာပြီး စားသုံးသူများ ထိခိုက်လာစေကြောင်း သိရှိရပါတယ်။ ၎င်းသီးနှံများကို နိုင်ငံခြားတင်ပို့သည့် အခါတွင်လည်း ဓာတုဓာတ်ကြွင်းများလို့ နိုင်ငံခြားတိုင်းပြည်များက မဝယ်ယူသည့်အတွက် စျေးကွက်ပျောက်ဆုံးပြီး ရသင့်ရထိုက်သော သီးနှံစျေးနှုန်းကို မရရှိသည့်အတွက် တောင်သူများ ဝင်ငွေလျော့နည်းလာသည်ကို တွေ့ရပါတယ်။ ၂၀၁၈ ခုနှစ် မိုးရာသီတွင် GAP စနစ် နိုင်ငံခြားပို့ကုန် နှမ်းနက် တန်ပေါင်း ၈၈ တန်အထိ ပို့နိုင်ပါတယ်" ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဌေးက ပြောသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် PC Myanmarတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့်  မကွေးမြို့နယ် ဂွေးတောက်စမ်းကျေးရွာရှိ နှမ်းကုန်ချောထုတ်စက်ရုံဖွင့်ပွဲအား ဒီဇင်ဘာ ၂၃ ရက်နေ့ ၊နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ နှမ်းကုန်ချောထုတ်စက်ရုံဖွင့်ပွဲအား  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ  တက်ရောက်ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။

နှမ်းကုန်ချောစက်ရုံဖွင့်ပွဲသို့  ပြည်ထောင်စုဝန်ကြီးဦးအောင်သူ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးဝင်းမော်ဌေး၊တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဆိုင်ရာဝန်ထမ်းများ၊နှမ်းစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly