တောင်သူလယ်သမားနေ့ ပြောင်းလဲသတ်မှတ်ပေးဖို့ အစိုးရအဖွဲ့သို့ တင်ပြမည်

တောင်သူလယ်သမားနေ့ ပြောင်းလဲသတ်မှတ်ပေးဖို့ အစိုးရအဖွဲ့သို့ တင်ပြမည်

ဒီဇင်ဘာ ၂၃ ။              ။ လက်ရှိတောင်သူလယ်သမားနေ့သည် တော်လှန်ရေးကောင်စီ အာဏာသိမ်းခဲ့သည့် မတ်လ ၂ရက်နေ့ ဖြစ်နေခြင်းကြောင့် မကြိုက်ဟု ဆိုကာ ယင်းနေ့အစား အခြားနေ့တစ်ရက်သို့ ပြောင်းလဲသတ်မှတ်ရန် နိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားသမဂ္ဂများမှ ဆန္ဒရှိနေသည်။

"ကျွန်တော်တို့ တောင်သူလယ်သမားနေ့ သတ်မှတ်ဖို့အတွက် အဆိုတင်မယ်။ ထောက်ခံမယ်။ ညှိနှိုင်းမယ်။ ဆွေးနွေးမယ်။ အဲဒီကနေအားလုံး သဘောတူထွက်ပေါ်လာတဲ့ နေ့ဟာကျွန်တော်တို့ ယာယီ သတ်မှတ် လိုက်မယ့် တောင်သူလယ်သမားနေ့ ဖြစ်လာမှာပါ။ ပြီးတော့ရည်ရွယ်ချက်အရ တောင်သူ လယ်သမားနေ့ ပေါ်ပေါက်လာပြီဆိုရင် ကျွန်တော်တို့အားလုံး တောင်သူလယ်သမားတွေနဲ့ ကိုယ်စားလှယ်တွေနဲ့ အစု အဖွဲ့တွေက သတ်မှတ်တဲ့နေ့ကို အများပြည်သူအားလပ်ရက်(ရုံးပိတ်ရက်)ဖြစ်ဖို့ကို သက်ဆိုင်ရာ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုဆက်လက်တင်ပြ သွားဖို့ အစီစဉ်ရှိပါတယ်" ဟု နိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမား သမဂ္ဂအဖွဲ့ ဗဟိုကော်မတီဝင် ဦးအောင်သူရက ပြောသည်။

ထို့နေ့ ပြောင်းလဲသတ်မှတ်ပေးနိုင်ရန် အတွက်ကိုလည်း နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂများ ပါဝင်သော အစည်းအဝေးတစ်ရပ်တွင် သဘောတူခဲ့ကြခြင်း ဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့ကို တောင်သူ လယ်သမားနေ့အဖြစ် သတ်မှတ်ပေးစေလိုနေကြခြင်းလည်း ဖြစ်သည်။

ဒီဇင်ဘာ ၂၂ ရက်နေ့သည် ၁၉၃၀ ပြည့်နှစ်က ဆရာစံ ဦးဆောင်သော ဂဠုန်တောင်သူလယ်သမားတပ်မှ ဗြိတိသျှအစိုးရကို စတင်တော်လှန်ခဲ့သည့်နေ့လည်း ဖြစ်သည်။

ထိုကိစ္စများနှင့် စပ်လျဉ်း၍ ယခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က ရန်ကုန်မြို့ ရာမခရစ္စနာခန်းမတွင် အစည်းအဝေး တစ်ရပ်ခေါ်ယူူခဲ့ပြီး နေ့ရက်ပြောင်းလဲသတ်မှတ်ရန် အပါအဝင် တောင်သူလယ်သမားများ ကြုံတွေ့နေရသော မြေယာပြဿနာများနှင့် ပတ်သက်ပြီး ဆွေးနွေးအဖြေရှာမှုတစ်ရပ်ကို ၎င်းတို့က ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးတွင် တောင်သူလယ်သမားများနှင့် ပတ်သတ်သည့် မြေလွတ်မြေရိုင်းဥပဒေများ၊ တောင်သူ လယ်သမားများ၏ ထိခိုက်နစ်နာမှုများ၊ အမှုအခင်းမြေယာဆုံးရှုံးမှုများ တင်ပြဆွေးနွေးခဲ့ကြပြီး ၎င်းတို့ ဆန္ဒ ရှိနေသော တောင်သူလယ်သမားနေ့ ပေါ်ပေါက်လာရန်အတွက် သက်ဆိုင်ရာကို တရားဝင် တင်ပြသွားရန် သဘောတူခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly