ဖိုင်ဘာ စပိဘုတ် စက်လှေများအား မြိတ်ဒေသခံများ ကိုယ်တိုင် ဖန်တီး ထုတ်လုပ်လျက်ရှိ

By ဒီမိုသွေး
23 December 2018
ဖိုင်ဘာ စပိဘုတ် စက်လှေများအား မြိတ်ဒေသခံများ ကိုယ်တိုင် ဖန်တီး ထုတ်လုပ်လျက်ရှိ

မြိတ်၊ ဒီဇင်ဘာ ၂၃ ။             ။ ထိုင်းနိုင်ငံမှ အဓိက တင်သွင်းဝယ်ယူ နေရသော ဖိုင်ဘာ စပိဘုတ်စက်လှေများကို ဒေသတွင်း လိုအပ်ချက်အရ မြိတ်တွင် ဒေသခံများမှ နည်းပညာပိုင်း ကျွမ်းကျင်သည့် ပညာရှင်များအား ခေါ်ယူ၍ ကိုယ်တိုင် ဖန်တီး ပြုလုပ်လာကြောင်း သိရသည်။

မြိတ်ဒေသ၌ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးလာပြီးနောက် ကျွန်းခရီးစဉ်များသို့ ပြေးဆွဲနေသည့် ဖိုင်ဘာစပိဘုတ် စက်လှေအများစုကို ဝယ်ယူတင်သွင်းရန် ယခင်က ထိုင်းနိုင်ငံကို အားကိုးနေခဲ့ရသည်။

Mergui Dolphin Travel & Tours ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းဇော်မင်းက “ကျွန်တော်တို့ မြိတ်ခရီးသွား လုပ်ငန်းကို စတင်လုပ်ချိန်က စပြီး အခုချိန်အထိ ထိုင်းက ထုတ်တဲ့ စပိဘုတ်စက်လှေ တော်တော် များများကို ဝယ်သုံးနေရတာ ဖြစ်ပါတယ်၊ ဒါတောင်မှ အသစ်တွေကို မဝယ်နိုင်ကြပါဘူး၊ စျေးများတော့လေ အဲ့တော့ သူတို့ဘက်မှာ သုံးပြီးသား တဝက်ကျ စက်လှေတွေကိုပဲ စျေး သက်သက် သာသာရှိတဲ့ လှေကို ဝယ်နေရတယ်”ဟု ပြောကြားသည်။

ထိုင်းနိုင်ငံမှ ထုတ်သည့် ခရီးသည် ၂၅ ဦး စီးနိုင်သော ဖိုင်ဘာ စပိဘုတ်လှေ အသစ် ၃၆ ပေရှိ ၁ စီးကို (အင်ဂျင်စက် မပါ) ထိုင်းဘတ်ငွေ ၁၂ သိန်းကျပ် ရှိပြီး၊ အရွယ်အစား အလိုက် စျေးကွာဟမှု ရှိသည်။

လက်ရှိ မြိတ်တွင် ပြုလုပ်လျက်ရှိသော စက်လှေမှာ ၂၇ ပေရှိ ၁ စီးကို (အင်ဂျင်စက် မပါ) ထိုင်းဘတ် ၈ သိန်းမှ ၉ သိန်း ကြားရှိကာ ကျပ်ငွေဖြင့် သိန်း ၃၅၀ မှ ၄၀၀ နီးပါး ပတ်ချာလည် စျေးရှိကြောင်း သိရသည်။

အဆိုပါ ဖိုင်ဘာ စပိဘုတ် စက်လှေများကို မြိတ်မြို့၊ ခရီးသွား လုပ်ငန်း ကုမ္ပဏီ တစ်ခု ဖြစ်သည့် Mergui Dolphin Travel & tours ကုမ္ပဏီမှ ထိုင်းနိုင်ငံ၌ သွားရောက် လုပ်ကိုင်နေသော ကျွမ်းကျင် ပညာရှင် မြန်မာ လူမျိုးများအား ပြန်လည် ခေါ်ယူ၍ ပြုလုပ်နေခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ဒီစပိဘုတ် စက််လှေတွေကို ထိုင်းမှာ သွားဝယ်ရင် လိုအပ်ချက် နစ်နာချက်တွေ အများကြီး ရှိပါတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ ခေါ်တဲ့ စျေးအတိုင်း ကြိုက်ရင် ဝယ်။ မကြိုက်ရင် မဝယ်နဲ့ ငြင်းဆိုခွင့် မရှိဘူး၊ ဒီတော့ ကျွန်တော်တို့မှာ လုပ်ငန်းအတွက် လိုအပ်ချက် ရှိနေတော့ နစ်နာနေလည်း ဝယ်ခဲ့ရတယ်”လို့ ဦးသိန်းဇော်မင်းက ရှင်းပြသည်။

မြိတ်မြို့တွင် ရေလုပ်ငန်းသုံး စက်ပစ္စည်းများကို ဝယ်ယူရာ၌ အိမ်နီးချင်း ထိုင်းနိုင်ငံကို အဓိကထား အားကို ဝယ်ယူနေရပြီး၊ ယင်းသို့ ဝယ်ယူ နေရခြင်းကြောင့် ကုန်ကြမ်း ပစ္စည်းများမှာ စျေးမြင့်မားလျက်ရှိနေသည်။

“ဒီဖိုင်ဘာနဲ့ ထုတ်တဲ့ စက်လှေတွေက မြိတ်မှာ ဆိုရင် သူဌေးတွေပဲ စီးနိုင်တဲ့ ယာဉ်မျိုးဖြစ်နေတော့ အခြေခံ လူတန်းစားတွေ မစီးနိုင်ကြဘူး၊ ဒီတော့ ကျွန်တော် စိတ်ကူးထားတာက လူတန်းစား မရွေး စီးနိုင်တဲ့ ဖိုင်ဘာ စက်လှေငယ်လေးတွေကို တီထွင်နေပါ့တယ်၊ မြိတ်ကျွန်းစု အတွင်း နေထိုင်တဲ့ ဒေသခံ ငါးဖမ်း ရေလုပ်တွေ ဝယ််စီးနိုင်အောင် ပြုလုပ်ပေးသွားဖို့ ရှိတယ်”ဟု ဦးသိန်းဇော်မင်းက ဆိုသည်။

လက်ရှိတွင် ၎င်း ဖိုင်ဘာစက်လှေ စက်ရုံသည်၊ လုပ်ငန်းအား စတင် လည်ပတ် နေသည်မှာ ၁ နှစ်နီးပါး ရှိနေပြီး၊ ကုန်ကြမ်း ပစ္စည်းများကို နိုင်ငံခြားမှ တင်သွင်း ရသည့် အခက်အခဲနှင့် ငွေကြေး အခက်အခဲကြောင့် ၂၇ ပေရှိ ခရီးသွား စပိဘုတ်အကြီးများကို ၁ စီးကိုသာ လက်ရှိ ပြုလုပ်နိုင်ပြီး၊ အများစုက ကမ်းနီး၊ ချောင်းတွင်း သုံးနှင့် မြစ်အတွင်း သွားလာနိုင်သော ဖိုင်ဘာ စက်လှေငယ်များကို အများဆုံး ပြုလုပ် ရောင်းချလျက် ရှိသည်ဟု သိရ သည်။

“ယခင်က ကျွန်တော် ထိုင်း- ရနှောင်းမြို့မှာ ဖိုင်ဘာ စက်လှေတွေကို ပြုလုပ်နေတဲ့ တစ်ယောက်ပါ၊ ဒီမှာ ပြည်တွင်း ကုမ္ပဏီက ဖိုင်ဘာလှေတွေ ထုတ်လုပ်ချင်တယ် ဆိုလို့ ကမ်းလှမ်းလာတော့ အခု ဒီမှာ လာလုပ်တာပါ၊ ဟိုမှာ လုပ်ရတာနဲ့ ဒီမှာ လာလုပ််ရတာက ကွာဟမှု အခက်အခဲ တချို့တော့ ရှိပါတယ်၊ ဟိုမှာက စက်ပစ္စည်းတွေ ကောင်းတော့ အလုပ် လုပ်ရတာ ကောင်းပါတယ်၊ ဒီမှာကတော့ အခုမှ စတယ်ဆိုတော့ ခက်ခဲတယ် ဆိုပေမယ့် လုပ်ရတာ အဆင်ပြေပါတယ်”လို့ ထိုင်းနိုင်ငံတွင် လုပ်သက် ၁၅ နှစ်ရှိသူ စပိဘုတ်စက်လှေ ပညာရှင် ဦးစိုးက မဇ္စျိမသို့ ပြောသည်။

ဖိုင်ဘာ စက်လှေကြီး ၁ စီးကို ပြုလုပ်ပါက ၂ လကျော်မှ ၃ လနီးပါး ကြာမြင့်ပြီး၊ အလတ်စား ၁ စီးမှာ ၁၀ ရက်ခန့် ကြာပြီး၊ အသေး ၁ စီးမှာ ၇ ရက် တစ်ပတ် ကြာကြောင်း သိရသည်။

ဒေသတွင်း ထုတ်လုပ်လျက် ရှိသည့် ဖိုင်ဘာ စက်လှေ များသည်၊ ထိုင်းနိုင်ငံမှ စက်လှေများထက် စျေးနှုန်းများမှာ ၂၀% နှုန်း လောက် သက်သာ နိုင်ရန် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly