ဒုရဲမှူးဟောင်း မိုးရန်နိုင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဂုဏ်ပြုဆု ရရှိ

ဒုရဲမှူးဟောင်း မိုးရန်နိုင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဂုဏ်ပြုဆု ရရှိ
Photo-EPA

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ။              ။ ရိုက်တာ သတင်းထောက်နှစ်ယောက်အမှု ကိစ္စနှင့် ပတ်သက်ပြီး လွတ််လပ်စွာထုတ်ဖော် ပြောဆိုခွင့်အတွက် ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို Pen Myanmar မှ ဂုဏ်ပြု ဆုပေးအပ်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုဆုကို ဒီဇင်ဘာ၂၂ ရက်နေ့က တော်ဝင်ဂါးဒင်း ဟိုတယ်တွင်  ပြုလုပ်ခဲ့သည့် Pen Myanmar ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့် အထွေထွေ ညီလာခံ၌ ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။

" ဒီလိုအမှန်တရားအတွက် ရပ်တည်ခဲ့တဲ့သူတစ်ယောက်က အကျဉ်းထောင်ထဲ ရောက်သွားတဲ့အချိန်မှာ ဒီလူ ဟာ  မှန်တာပြောခဲ့တာပဲ ဆိုတာနဲ့ မပြီးဘူး။ ကျွန်တော်တို့က ဝန်းရံပေးဖို့လိုတယ်။ သူ့ကို စိတ်ပိုင်းဆိုင်ရာ ပ့ံပိုးဖို့ လိုတယ်လို့ ကျွန်တော်တို့ ယူဆတယ်။ အဲဒီအတွက် ဒီနိုင်ငံဝန်ထမ်းဟောင်း တစ်ယောက်အနေနဲ့  သူလုပ်ခဲ့တဲ့ အလုပ်ကို ဂုဏ်ပြုတာ၊ သူ့မိသားစုကို ဆုချီးမြှင့်တာ ဖြစ်ပါတယ်။" ဟု Pen Myanmar ဥက္ကဋ္ဌ  ဦးမျိုးမြင့်ငြိမ်းက ပြောသည်။

Pen Myanmar အဖွဲ့က ဂုဏ်ပြုဆု တံဆိပ်အပြင် ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ မိသားစုအတွက် ထောက်ပံ့ကြေး ဆယ့်ငါးသိန်း ခြောက်သောင်းကို ပေးအပ်ခဲ့ပြီး ၎င်း၏ညီဖြစ်သူ ကိုရဲဝင်းနို်င်က ကိုယ်စား တက်ရောက် ဆုယူခဲ့သည်။

" ကျွန်တော့်အကိုက သူလုပ်ခဲ့တဲ့ လုပ်ရပ်အတွက် နောင်တရတာ မရှိပါဘူး။ ဒါပေမဲ့ သူ့ဒီလိုလုပ်ခဲ့တဲ့အတွက် သူ့သားသမီးတွေ၊ သူ့မိသားစုတွေအပေါ် ပညာရေးရော၊စီးပွားရေး ထိခိုက်ခဲ့တာကိုတော့ သူ စိတ်မကောင်းဖြစ်တယ်။ သူ့သားသမီးတွေကို အဲဒီအတွက် တောင်းပန်သလိုပြောတာမျိုးတော့ရှိတယ်။" ဟု ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ ညီဖြစ်သူ ကိုရဲဝင်းနိုင်က ပြောသည်။

ရိုက်တာသတင်းထောက်နှစ်ယောက်ကို အကွက်ဆင် ထောင်ဖမ်းခဲ့ခြင်းဟု ထုတ်ဖော်ပြောကြားခဲ့သည့် ဒုရဲမှူးဟောင်းမိုးရန်နိုင်မှာ တာဝန်မှ ရပ်စဲခံခဲ့ရပြီး ရဲတပ်ဖွဲ့ စည်းကမ်းချိုးဖောက်သည်ဟု ဆိုကာ ထောင်ဒဏ် တစ်နှစ်ကျခံရန် အမိန့်ချမှတ်ခြင်းခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly