ရက္ခိုင့်အဖွဲ့(AA) နှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် ရဟတ်ယာဉ် အသုံးပြုခြင်း မရှိဟု ဦးဇော်ဌေးပြော

By မျိုးထွန်းနိုင်
22 December 2018
ရက္ခိုင့်အဖွဲ့(AA) နှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် ရဟတ်ယာဉ် အသုံးပြုခြင်း မရှိဟု ဦးဇော်ဌေးပြော

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ။            ။ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့(AA) တို့အကြားဖြစ်ပွားနေသော တိုက်ပွဲများတွင် ရဟတ်ယာဉ်အသုံးပြု၍ တိုက်ခိုက်ခြင်း မရှိကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဒီဇင်ဘာ  ၂၁ ရက်တွင် သမ္မတရုံး၌ ပြုလုပ်သော သတင်းမီဒီယာ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့(AA) တို့အကြား တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး တစ်ချို့တိုက်ပွဲများတွင် တပ်မတော်ဘက်မှ ရဟတ်ယာဉ်အား အသုံးပြုတိုက်ခိုက်နေမှုများ ရှိနေသည်ဟု AA ဘက်က ပြောဆိုထားပြီး လူမှုကွန်ရက်များတွင်းလည်း အဆိုပါသတင်းမှာ ပျံ့နှံ့လျက်ရှိသည်။

“ရခိုင်က အခြေအနေ မြေပြင်မှာ နည်းနည်းရှုပ်ထွေးတယ်ပေါ့နော်။အခုနောက်ပိုင်း တိုက်ပွဲအခြေအနေက ကျယ်ပြန့်လာတယ်။ဒီကနေ့ပဲ ကာကွယ်ရေးဦးစီးချုပ် ကြည်း ကိုမေးပါတယ်။ မေးတော့ တချို့လူမှုကွန်ရက် တွေမှာ ဖော်ပြနေကြတဲ့ ရဟတ်ယာဉ်တွေသုံးပြီး တိုက်တယ်ဆိုပြီး ဖော်ပြနေကြတယ်။ ရဟတ်ယာဉ် သုံးလား မေးပါတယ်။ သူတို့ မသုံးဘူးလို့ ပြောပါတယ်။”ဟု ဦးဇော်ဌေးက ဆိုသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျောက်တော်မြို့နယ် ယိုးချောင်းနှင့် တောဖျားချောင်းအကြား ပညာဝရွာ အနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ တပ်မတော်ဘက်မှ ရဟတ်ယာဉ်နှစ်စီးအသုံးပြုပြီး တိုက်ခိုက် ခဲ့သည်ဟုလည်း ရက္ခိုင့် အဖွဲ့ AA ဘက်က ထုတ်ပြန်ထားသည်။ယင်းအပြင် ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်း အထိ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း တပ်မတော်ဘက်မှ ရဟတ်ယာဉ်အသုံးပြုတိုက်ခိုက်ခြင်းများ ရှိနေခဲ့သည်ဟု AA ဘက်ကဆိုသည်။

“ရဟတ်ယာဉ်ကို ကျန်တဲ့ရည်ရွယ်ချက်နဲ့ သုံးတာ ရှိကောင်းရှိမယ်။ ပြန်လည်ထူထောင်ရေး ပြန်လည် နေရာ ချထားရေး စသဖြင့် သုံးတာ ရှိကောင်းရှိမယ်။စသဖြင့် တောက်လျောက် သွားနေရတာတွေရှိတယ်။ သို့သော် ဒီစစ်ဆင်ရေးအတွက် ရဟတ်ယာဉ်သုံးတာ မရှိဘူးလို့ ပြောတယ်။ ဒါ တပ်မတော်ဘက်မှ ဖြေကြားချက်ပေါ့”ဟု ဦးဇော်ဌေးက ဆက်ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့် အဖွဲ့ AA တို့အကြား တိုက်ပွဲများသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်နိမိတ် အနီးတွင် ဖြစ်ပွားလျက်ရှိရာမှ တောင်ပိုင်းသို့ ရွေ့လျားလာခဲ့ကာ ဒီဇင်ဘာလအတွင်း၌ တိုက်ပွဲဧရိယာမှာ ပုဏ္ဏားကျွန်း ၊ ကျောက်တော်နှင့် ရသေ့တောင်မြို့ အနီးအထိရောက်ရှိလာခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly