မန်းရွှေစက်တော်ဘုရားပွဲ၌ စီးပွားရှာသူများ လိုက်နာရန် ဒေသန္တရအမိန့် ထုတ်ပြန်မည်

မန်းရွှေစက်တော်ဘုရားပွဲ၌ စီးပွားရှာသူများ လိုက်နာရန် ဒေသန္တရအမိန့် ထုတ်ပြန်မည်

မကွေး၊ ဒီဇင်ဘာ ၂၁ ။        ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူး/စကုမြို့နယ်ရှိလာမည့် ၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲတော်ကာလတွင် ပွဲတော်သို့ လာရောက်စီးပွားရှာသူများ လိုက်နာရန် ဒေသန္တရအမိန့် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံက သိရသည်။

"မန်းရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း ဘုရားပွဲတော်ကို စည်းကမ်းရှိစွာ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ အနယ်နယ်အရပ်ရပ်က လာရောက်ကြတဲ့ ဘုရားဖူးပြည်သူများ အေးချမ်းသာသာယာယာနဲ့ ဘုရားဖူးမျှော်နိုင်ရေး၊ ပွဲတော်စျေးသည်များ အဆင်ပြေစေရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန်သွားမှာပါ " ဟု မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးက ပြောသည်။

"မန်းရွှေစက်တော်ဘုရားပွဲတော်ကို တစ်နှစ်ထက်တစ်နှစ် စနစ်တကျနဲ့ စည်းကမ်းတကျ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထိန်းသိမ်းကြီးကြပ်မှုအပိုင်းကိုိ အနီးကပ် ဖိဖိစီးစီးနဲ့ ဆောင်ရွက်နိုင်ဖို့ ဂေါပကအဖွဲ့ကို ဒီနှစ် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်၊ ဂေါပကအဖွဲ့ကို အနီးကပ်ကြီးကြပ်ဖို့အတွက် လုပ်ငန်းကော်မတီကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါတယ်" ဟု ဗိုလ်မှူးကြီးမင်းဦးက ပြောသည်။

ဘုရားပွဲတော်လုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေး၊ အတွင်းရေးမှူးအဖြစ် မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းမောင်၊ တွဲဘက်အတွင်းရေးမှူးအဖြစ် ဂေါပကဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင် ၁၅ ဦးက တာန်ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘုရားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မန်းရွှေစက်တော်ဘုရားနာယကအဖွဲ့တွင် သြဝါဒစရိယဆရာတော်(၁၀)ပါး၊ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနှင့် အဖွဲ့ဝင်(၆)ဦး၊ ပွဲတော် ကျင်းပရေး ဦးစီးကော်မတီတွင် နာယကအဖြစ် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဥက္ကဋ္ဌ အဖြစ် ဗိုလ်မှူးကြီး မင်းဦး၊ အတွင်းရေးမှူးအဖြစ် လူမှုရေးဝန်ကြီးဒေါက်တာဦးခင်မောင်အေး၊တွဲဘက်အတွင်းရေးမှူးအဖြစ် ဦးဝေဇင်ထွန်းနှင့် အဖွဲ့ဝင်(၁၃)ဦးတိုဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။

သမိုင်းဝင်မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးအား နှစ်စဉ် တပို့တွဲလဆန်း(၅) ရက်နေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly