စပိန်ကက်ဘိနက်အစည်းအဝေးကို ဆန္ဒပြတဲ့ ကက်တလန်ခွဲထွက်ရေးသမားတွေနဲ့ ရဲတို့ ထိပ်တိုက်တွေ့

စပိန်ကက်ဘိနက်အစည်းအဝေးကို ဆန္ဒပြတဲ့ ကက်တလန်ခွဲထွက်ရေးသမားတွေနဲ့ ရဲတို့ ထိပ်တိုက်တွေ့
Photo: AFP

ဘာစီလိုနာ၊ ဒီဇင်ဘာ ၂၁ ။    ။ စပိန်အစိုးရ ကက်ဘိနက်အစည်းအဝေးကို ဘာစီလိုနာမြို့မှာ လာကျင်းပတာဟာ ရန်စတဲ့ လုပ်ရပ်လို့ ပြောဆိုပြီး ကက်တလန်ခွဲထွက်ရေးသမားတွေဟာ သောကြာနေ့မှာ ဆန္ဒပြကြရာမှာ ရဲနဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကက်တာလိုနီးယားဒေသကို စပိန်က လွတ်လပ်ရေး ခွဲထွက်ရန် လိုလားတဲ့ အခု ဆန္ဒပြသူတွေဟာ လမ်းတွေကို ပိတ်ဆို့ထားပြီး ရော်ဘာတုတ်ကိုင် ရဲတွေနဲ့ ထိပ်တိုက်တွေ့ကြတာပါ။

စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်ချက်ဇ်ရဲ့ ဆိုရှယ်လစ်အစိုးရဟာ သီတင်းပတ်လည် ကက်ဘိနက်အစည်းအဝေးတွေကို မက်ဒရစ်မြို့မှာပဲ ကျင်းပနေကြပါ။

ဒါပေမယ့် ကက်တာလိုနီးယားဒေသ တင်းမာမှုတွေ လျော့ပါးရေးကို ရည်ရွယ်ပြီး ကက်တလန်မြို့တော် ဘာစီလိုနာမှာ ကက်ဘိနက်အစည်းအဝေး ကျင်းပဖို့ ဆုံးဖြတ်လုပ်ဆောင်ခဲ့ရာက ခုလို ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ရတာပဲ ဖြစ်ပါတယ်။

အစည်းအဝေးကျင်းပနေရာနဲ့ မီတာအနည်းငယ်အကွာမှာ ဆန္ဒပြကြတာဖြစ်ပြီး ရဲအတားအဆီးတွေကို ကျော်ဖြတ်ဖို့ ကြိုးစားတဲ့ ဆန္ဒပြသူတွေကို အဓိကရုဏ်းရဲတွေက တန်းစီကာရံပြီး ဟန့်တားနေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကက်တာလိုနီးယားဒေသ စပိန်နိုင်ငံကနေ ခွဲထွက်ရေး ကြိုးစားမှုဟာ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

စပိန်ဝန်ကြီးချုပ် ဆန်ချက်ဇ်နဲ့ ကက်တလန်ခွဲထွက်ရေးအစိုးရ ခေါင်းဆောင် တော်ရာတို့ဟာ စပိန်နိုင်ငံထဲမှာ ချမ်းသာကြွယ်ဝတဲ့ ကက်တာလိုနီးယားဒေသ ဆက်ရှိရေး မရှိရေး အငြင်းပွားမှုကို ဖြေရှင်းဖို့ ထိရောက်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဆောင်ရန် ကတိကဝတ်ပြုထားကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly