အင်န်စီအေတွင် အားလုံုးပါဝင်မှ လက်မှတ်ရေးထုုိးရန်နှင့် အလောတကြီး မရေးထုုိးရန် ဟူသော သဘောထားများ ထိပ်သီး အစည်းအဝေးတွင် ပိုများနေဟုု ဆို

အင်န်စီအေတွင် အားလုံုးပါဝင်မှ လက်မှတ်ရေးထုုိးရန်နှင့် အလောတကြီး မရေးထုုိးရန် ဟူသော သဘောထားများ ထိပ်သီး အစည်းအဝေးတွင် ပိုများနေဟုု ဆို

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း(NCA) အပြီးသတ် ဆွေးနွေး ဆုံးဖြတ်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ The Park ဟိုတယ်တွင် စက်တင်ဘာလ ၂၈ ရက်က ကျင်းပသည်။

ထိပ်သီးအစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်သည်။ ပထမနေ့ ထိပ်သီးအစည်းအဝေးတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လက သဘာပတိ ခေါင်းဆောင်နှင့် PNLO မှ ဦးခွန်မြင့်ထွန်းနှင့် ALP မှ ဦးခိုင်စိုးနိုင်အောင် တို့က အရန်သဘာပတိများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင် များ သမ္မတနှင့် တွေ့ဆုံညှိနှိုင်းခဲ့သော ရလဒ်များကို စက်တင်ဘာလ ၂၈ ရက် အစည်းအဝေး ပထမနေ့ တွင် အစီရင်ခံသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း(NCA)တွင် အားလုံးပါဝင်မှ လက်မှတ်ရေး ထိုးရန်နှင့် အလောတကြီး လက်မှတ်ရေးထိုးခြင်း မလုပ်ရန်ဟူသော သဘောထားများ ထိပ်သီး အစည်းအဝေး တွင်တင်ပြသည့် အဖွဲ့အစည်းများ ပိုမို များပြားနေသည်ဟု သိရသည်။

စက်တင်ဘာလ ၂၈ ရက် ပထမနေ့ ထိပ်သီး အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးရေး၊ မထိုးရေးနှင့် ပတ်သက်၍ တစ်ဖွဲ့ချင်းစီ၏ သဘောထားများ တင်ပြခဲ့ရာ အားလုံး ပါဝင်၍ အချိန်တစ်ခု စောင့်ရန် ဟူသော သဘောထားများကိုသာ အများစုက တင်ပြခဲ့ခြင်း ဖြစ်သည်။

“ပြောရမယ်ဆိုရင် အားလုံး လက်မှတ်ရေးထိုးရေးကိုပဲ တင်ပြကြတာ ဖြစ်ပါတယ်။ လက်မှတ် မရေးထိုးဘူးဆိုတဲ့ တစ်ဖွဲ့မှ မရှိပါဘူး။ ဒါပေမဲ့လို့ အချိန်က ချက်ချင်းလက်မှတ်ထိုးဖို့ တင်ပြတဲ့အဖွဲ့တွေ ရှိသလို အချိန်ကို ကြည့်ပြီး ထိုးဖို့ လိုတယ်။ အချိန်တခုခုတော့ စောင့်ဖို့ လိုတယ်။ ပြည်သူလူထုထဲမှာ လဲ ချပြဖို့လိုသလို၊ အဖွဲ့အစည်း အသီးသီးအတွင်းမှာလဲ ချပြဖို့ လိုတဲ့အတွက် အောက်တိုဘာလ လယ်လောက် မှာတော့ ထိုးဖို့ မဖြစ်သေးဘူးဆိုတဲ့ အဖွဲ့တွေလည်း ရှိပါတယ်” ဟု အဆင့်မြင့် ညှိနှိုင်း ရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပူးဇင်ကျုံးက ပြောသည်။

Bi-lateral ပဏာမ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်နိုင်သော်လည်း ကျန်သည့် ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့ကို အာမခံချက်မရှိဘဲ ချန်ထား၍ မရဘဲ အားလုံး ပါဝင်ရေးကိုသာ စွဲကိုင်ထား သူများလည်း ရှိနေသည်ဟု ၎င်းက ပြောသည်။

“ဒီကနေ့ ၆ ဖွဲ့ထဲမှာ ၄ ဖွဲ့က ဘိုင်လက်ထရယ်၊ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါမယ်ဆိုတဲ့ ဟာတော့ ရပေမဲ့ AA နဲ့ MNDAA ကိစ္စတော့ အာမခံချက်တွေ မရှိဘဲနဲ့ အဲဒီအခြေအနေအောက်မှာ ထားခဲ့လို့ မဖြစ်ဘူး။ အားလုံး ပါဝင်ရေးကိုပဲ စဉ်းစားဖို့ လိုတယ်ဆိုတဲ့ အဖွဲ့တွေလည်း ရှိပါတယ်” ဟု ပူးဇင်ကျုံး က ပြောသည်။

အစိုးရဘက်မှ တင်ပြလာသည့် လာမည့် အောက်တိုဘာလဆန်းနှင့် အောက်တိုဘာလလယ် ထိ လက်မှတ်ရေးထိုးမည် ဟူသော အဖွဲ့အစည်းများလည်း ရှိနေသော်လည်း အနည်းစုသာ သဘောထားပေး ခဲ့သည်ဟု ၎င်းက ဆိုသည်။

စက်တင်ဘာလ ၂၉ ရက်တွင် တစ်ဖွဲ့ချင်းစီ တင်ပြလာသည့် သဘောထားများ အပေါ် လက်မှတ် ရေးထိုးရန်၊ မထိုးရေးကို ညှိနှိုင်းဆွေးနွေး၍ တစ်စုံတစ်ရာ ဆုံးဖြတ်ချက်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
မနက်ပိုင်းတွင် စက်တင်ဘာလ ၉ ရက်က တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ သမ္မတနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့သော ရလဒ်များကို အစီရင်ခံစာ တင်ပြခဲ့ပြီး ၎င်းအစီရင်ခံစာ အပေါ် ပြန်လည် သုံးသပ် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

မနက်ဖြန် ညနေပိုင်းတွင် နိုင်ငံရေးဆွေးနွေးရေး ဆိုင်ရာမူဘောင် ဆွေးနွေးကြမည် ဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက် တတိယနေ့ အစည်းအဝေးတွင် SD နှင့် NCCT အဖွဲ့တို့၏ အခန်းကဏ္ဍ မည်သို့ ဆက်လက် ရပ်တည်မည်ဆိုသော အချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရေး ညှိနှိုင်း သွားမည် ဖြစ်ကြောင်း သိရသည်။

သဘာပတိ တာဝန်ပေးမှုကို တာဝန် မယူနိုင်တော့ကြောင်း၊ လက်မှတ်ထိုးရေး၊ မထိုးရေး အကြောင်းအရာသည် ပြတ်ပြတ်သားသား ဆွေးနွေးရန် အဓိက လိုအပ်ချက်ဖြစ်ပြီး လက်မှတ်ထိုးမည့် အဖွဲ့နှင့် မထိုးမည့် အဖွဲ့များအကြား အချိတ်အဆက် လုပ်ထားရန် အမှန်တကယ် လိုအပ်ချက် ဖြစ်နေ ပြီး အရေးကြီးသည်ဟု ယူဆကာ NCA လက်မှတ်ထိုးမည့် အဖွဲ့များ စုပေါင်းပြီး ကြိုတင် တိုင်ပင် ပြင်ဆင်ရန် အဆောတလျှင် လိုအပ်သကဲ့သို့ မထိုးမည့်အဖွဲ့များ စုပေါင်း ပြင်ဆင်ရန်လည်း လိုအပ် ကြောင်း၊ NCCT နှင့် SD တို့၏ အခန်းကဏ္ဍများသည် ထိပ်သီး အစည်းအဝေးတွင် ပြီးဆုံးပြီဟု ယူဆကြောင်း၊ NCA နှင့် ပတ်သက်၍လည်း ယခု ထိပ်သီးအစည်းအဝေးသည် နောက်ဆုံးအကြိမ် ဖြစ်မည်ဟု ယူဆကြောင်း KNU မှ ဗိုလ်မှူး ရော်ဂျာခင် က တင်ပြကာ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးရန် အချက်အပါအဝင် အချက် ၁၂ ချက်ကို အစည်းအဝေး မစတင်မီ KNU ၏ သဘောထားအဖြစ်  တင်ပြသည်။

ထို့ပြင် တတိယနေ့ ထိပ်သီးအစည်းအဝေးတွင် သဘာပတိအဖြစ် တာဝန်ပေးထားသော KNU က လက်မခံကြောင်း၊ ယခု ကျင်းပနေသည့် ထိပ်သီး အစည်းအဝေးတွင် ကေအန်ယူက သဘာပတိ တာဝန်ကို ယူမည် မဟုတ်ကြောင်း ဥက္ကဋ္ဌ ဗိုလ်ချုပ် မူတူးစေးဖိုးကိုယ်တိုင် အစည်းအဝေး ခန်းတွင် ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၈ ဖွဲ့မှ ကိုယ်စားလှယ်များ စုစု ပေါင်း ၁၀၀ ကျော် တက်ရောက်နေပြီး ထိုအထဲတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု (NDAA) မိုင်းလား အဖွဲ့တို့က လေ့လာသူအဖြစ် တက်ရောက်နေသည်။

NCA နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းမည် ဖြစ်ပြီး လက်ရှိ တိုင်းရင်းသား နယ်မြေ အသီးသီးအတွင်း စစ်ရေး၊ နိုင်ငံရေးဖြစ်ပေါ်မှုများကို အကျေအလည် ဆွေးနွေးမည် ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အကောင်အထည် ဖော်နိုင်ရန်နှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည့် ဆုံးဖြတ်ချက်များ ချမှတ်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက်က အစည်းအဝေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ The Park ဟိုတယ်တွင် ကျင်းပနေပြီး စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်ထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly