မြန်မာ့ရိုးရာ စဉ့်အိုး၊စဉ့်ထည်နဲ့ ပုဂံထီးပွဲတော် ကျင်းပ

မြန်မာ့ရိုးရာ စဉ့်အိုး၊စဉ့်ထည်နဲ့ ပုဂံထီးပွဲတော် ကျင်းပ

ရန်ကုန်၊ဒီဇင်ဘာ ၂၁ ။           ။ မြန်မာ့ရိုးရာလက်မှုပညာတွေဖြစ်တဲ့ ရုပ်သေးရုပ်တွေ၊ အိုးပုတ်တွေ၊ ပုဂံထီးတွေအပြင် လှပပြီး လက်ရာ သေသပ်တဲ့ စဉ့်အိုး၊ စဉ့်ထည်တွေကို ခင်းကျင်းပြသထားတဲ့ ပြပွဲတစ်ခုကို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်နေပါတယ်။

မြန်မာ့ရိုးရာ လက်မှုအနုပညာ စဉ့်အိုးနှင့် ပုဂံထီးပြပွဲလို့ အမည်ပေးထားတဲ့ အဲဒီပြပွဲကို ဒီဇင်ဘာ ၂၁ရက် နေ့ ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ၁၁ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး စိတ်ဝင်စားသူတွေအနေနဲ့ လာရောက် ကြည့်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။

"  အကိုတို့က  မြန်မာရိုးရာ လက်မှုပညာတွေကို ပိုပြီး နိုင်ငံခြားက လက်ခံလာအောင် မှာယူသုံးစွဲလာအောင်၊ ပိုပြီး အဆင့်မီလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီစဉ့်အိုး၊စဉ့်ထည်ပွဲကို လုပ်ဖြစ်တာပါ။ နိုင်ငံခြား Export တန်း ဝင်အောင် လုပ်မယ်။ပြီးတော့ လက်ရာမြောက်တဲ့ ပြည်တွင်းက လူတွေမသိသေးတဲ့ မြန်မာ့လက်မှု စဉ့်ထည် တွေကို ပြသချင်တဲ့ စေတနာနဲ့ပါ။" လို့ ပွဲစီစဉ်သူ ကိုအောင်မြတ်က ပြောပါတယ်။

အခုပြထားတဲ့ စဉ့်အိုးစဉ့်ထည် အများစုဟာ စစ်ကိုင်းတိုင်းဒေသကြီးဘက်က မှာယူထားတာဖြစ်ပြီး စဉ့်အိုး စဉ့်ထည် အမျိုးအစားပေါင်း သုံးရာ နီးပါးလောက်ကို ပြသထားတယ်လို့ သိရပါတယ်။

ဒီပြပွဲမှာ ပြသထားတဲ့ စဉ့်အိုးစဉ့်ထည် ပစ္စည်းတွေနဲ့ ရိုးရာထည်တွေကို သဘောကျနှစ်သက်လို့ ဝယ်ယူ ချင်တယ်ဆိုရင်တော့ ကြိုတင်မှာယူထားရမှာလည်း ဖြစ်တယ်လို့ ပြပွဲစီစဉ်သူများက ဆိုပါတယ်။

 "ကျွန်းနဲ့လုပ်ထားတဲ့ မျက်နှာဖုံးတွေလည်းပါတယ်။ရိုးရာအရုပ်တွေ၊ပြီးတော့ ရှေးဟောင်း အရုပ်တွေရော ပါတယ်။ ကျွန်တော်တို့ ဒီမြန်မာနိုင်ငံမှာလည်း သူများနဲ့ ရင်ပေါင်တန်းနိုင်တဲ့အနုပညာ လက်ရာတွေရှိတယ်။ ဒါတွေကိုလည်း လေ့လာနိုင်အောင်ပေါ့။" လို့  ပွဲစီစဉ်သူ ကိုအောင်မြတ်က ပြောပါတယ်။

အရင်ကလည်း အိုးပုတ်ပွဲတော်၊ ရုပ်သေးပွဲတော််နဲ့ မြန်မာ့လက်မှုပညာပြပွဲ စတဲ့  ပြပွဲတွေကို ကျင်းပခဲ့ပြီး အခု စဉ့်အိုး၊စဉ့်ထည်ပွဲတော် ဟာ စတုတ္ထအကြိမ်မြောက်ဖြစ်ပါတယ်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly