ထရမ့်ရဲ့ ဆီးရီးယားက တပ်တွေ ရုပ်သိမ်းမိန့်ကြောင့် ကာကွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

ထရမ့်ရဲ့ ဆီးရီးယားက တပ်တွေ ရုပ်သိမ်းမိန့်ကြောင့် ကာကွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်
Photo: AFP

၀ါရှင်တန်ဒီစီ၊ ဒီဇင်ဘာ ၂၁ ။      ။ ဆီးရီးယားက အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းကြောင်း အံ့သြမှင်သက်စရာ အမိန့်ကို သမ္မတဒေါ်နယ်ထရမ့် ထုတ်ပြန်လိုက်ပြီး နောက်တစ်နေ့မှာပဲ ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်ဟာ ကြာသပတေးနေ့မှာ ရာထူးက နုတ်ထွက်ကြောင်း ကြေညာပါတယ်။

အသက် ၆၈ နှစ်ရှိ ပင်တဂွန်အကြီးအကဲ မက်တစ်က ဒေါ်နယ်ထရမ့်ဆီ ရေးသားပေးပို့တဲ့ စာတစ်စောင်မှာ သူ့ရဲ့ နိုင်ငံရေးသဘောထားအမြင်ဟာ သမ္မတနဲ့ ရေရှည် သင့်မြတ်ဖို့ မရှိတော့ကြောင်း ရေးသားထားပါတယ်။

မက်တစ်ဟာ အမေရိကန်ရဲ့ နဂိုရှိရင်း မဟာမိတ်နိုင်ငံတွေနဲ့ ပိုမိုရင်းနှီးရေးကို ရှေးရှုတဲ့ အမြင်သဘောထားရှိထားသူပါ။ သမ္မတ ထရမ့်ကတော့ ရေရှည်မဟာမိတ်တွေကို အရေးမစိုက်သလို ဆက်ဆံပြုမူနေပြီး ရုရှနဲ့ ပိုမိုနီးစပ်ရေး အခါမလပ် ကြိုးပမ်းလို့နေတာပါ။

“ကျွန်တော်ရဲ့ သဘောထားကတော့ စစ်မဟာမိတ်နိုင်ငံတွေကို လေးစားသမူနဲ့ ဆက်ဆံစေတာပဲ။ မလိုမုန်းထားသူတွေနဲ့ မဟာဗျူဟာယှဉ်ပြိုင်ဖက်တွေရဲ့ အကြောင်းရင်းတွေကို မှန်မှန်ကန်ကန် ရှုမြင်ပြီး ရေရှည်မဟာမိတ်တွေနဲ့ ညီညွတ်ရေးဆီ ရှေးရှုထားတယ်။”လို့ မက်တစ်က ထရမ့်ဆီ ပေးပို့တဲ့ စာမှာ ရေးသားထားပါတယ်။

သမ္မတ ထရမ့်ကလည်း ဂျင်မတ်တစ်ဟာ လာမယ့် ဖေဖော်ဝါရီလကုန်မှာ ရာထူးက အနားယူမှာ ဖြစ်ကြောင်း ပြောဆိုပါတယ်။ “ဗိုလ်ချုပ်ကြီး ဂျင်မက်တစ်ဟာ ကျွန်တော်ရဲ့ အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် နှစ်နှစ်တာ ထမ်းဆောင်ပြီးနောက်မှာ လာမယ့် ဖေဖော်ဝါရီအကုန်မှာ ရာထူးကနေ အနားယူတော့မှာ ဖြစ်ပါတယ်။”လို့ ထရမ့်က တွစ်တာကနေ ရေးသားပါတယ်။

ပြီးခဲ့တဲ့ ရက်က သမ္မတ ထရမ့်ဟာ ဆီးရီးယားမှာ အိုင်အက်စ်တွေကို စစ်နိုင်တာကြောင့် အမေရိကန်စစ်သားတွေကို အိမ်ပြန်ခေါ်ထားပြီလို့ တွစ်တာဗီဒီယိုပို့စ်ကနေ ကြေညာပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ဆီးရီးယားအရေးမှာ အမေရိကန်ဟာ သြဇာလျော့ပါးသွားပြီး ရုရှနဲ့ အီရန်တို့ ကြီးထွားလာလိမ့်မယ်လို့ စိုးရိမ်မှုတွေ ဖြစ်ပွားပေါ်ပေါက်လျက် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly