လုံခြုံရေးကဏ္ဍအတွက် ဆွေးနွေးရာတွင် အများပြည်သူများ၏ နေ့စဉ်လုံခြုံရေးကိစ္စရပ်များကို ထည့်သွင်းသင့်

လုံခြုံရေးကဏ္ဍအတွက် ဆွေးနွေးရာတွင် အများပြည်သူများ၏ နေ့စဉ်လုံခြုံရေးကိစ္စရပ်များကို ထည့်သွင်းသင့်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ။             ။ လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရာတွင် တပ်ဖွဲ့များပေါင်းစည်းရေးကိစ္စသက်သက်ကိုသာ အဓိကထား မဆွေးနွေးကြဘဲ အများပြည်သူများ၏ နေ့စဉ်လုံခြုံရေးကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးသင့်ကြောင်း တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးရဲမျိုးဟိန်းက တိုက်တွန်းလိုက်သည်။

"ဒီလွှတ်တော်တို့ အစိုးရတို့ကမှ ပြည်သူတွေရဲ့ လုံခြုံရေးကို မဆွေးနွေးဘူးဆိုရင် ပြည်သူတွေကို ဘယ်သူလုံခြုံရေးပေးမလဲ။ ပြည်သူတွေ အတွက်ကို လုံခြုံတဲ့မူဝါဒတွေကို ဘယ်သူချပေးမလဲဆိုတဲ့ဟာက မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ပါတယ်"ဟု ၄င်းကပြောသည်။

ဒီဇင်ဘာလ၂ဝရက်နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ပြုလုပ်ခဲ့သော မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်းမှ လုံခြုံရေးကဏ္ဍ ဆွေးနွေး ချက်များ သုတေသနစာအုပ်အတွက် မီဒီယာများ၊ စိတ်ပါဝင်စားသူများအား မိတ်ဆက်၊၀ိုင်းဝန်းဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"လုံခြုံရေးဆိုတာ တစ်တိုင်းပြည်လုံးနဲ့ဆိုင်တယ်။ကာကွယ်ရေးဆိုတာ အဲ့ဒီလုံခြုံရေးကို အခြေခံပြီးတော့ ပြန်ကာကွယ်ရတဲ့ဟာပေါ့။အဲ့တော့ လုံခြုံရေးဆိုတာ တစ်တိုင်းပြည်လုံးနဲ့ဆိုင်တော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ လုံခြုံရေး အမြဲတမ်းသူတို့ဆွေးနွေးနေသင့်တယ်။အမြဲတမ်း ဒါတွေကို ဆွေးနွေးညှိနှိုင်းပြီးတော့ အဖြေရှာနေသင့်တယ်" ဟု ဦးရဲမျိုးဟိန်းက သူ့ရဲ့အမြင်ကို ဆက်ပြောသည်။

ထို့အပြင် အကဲဆတ်ပြီး ပညာရပ်သဘောများပါဝင်နေသော လုံခြုံရေးဏ္ဍဆွေးနွေးပွဲများတွင် ညှိနှိုင်းမှုကောင်းများ ပါဝင်အားဖြည့်ဖို့လိုအပ်ပြီး ကျွမ်းကျင်သူများ၏ နည်းပညာဆိုင်ရာပံ့ပိုးမှုများကိုလည်း ပိုမိုအသုံးပြုသွားရန်လည်း လိုအပ်ကြောင်း အဆိုပါဆွေးနွေးပွဲမှ သိရသည်။

ယခု မိတ်ဆက်သည့် သုတေသနစာအုပ်သည် နိုင်ငံအတွင်း အစုအဖွဲ့အသီးသီး၏ လုံခြုံရေးနှင့် ပတ်သက်သော အမြင်သဘောထားများအပြင် သူတို့၏ ရပ်တည်ချက်၊ ဆွေးနွေးညှိနှိုင်းမှုဖြစ်စဉ်များကို အဓိကထားလေ့လာခဲ့သည့် စာတမ်းတစ်ခု ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ ထွက်ပေါ်လာသော ပြည်ထောင်စုသဘောတူစာချုပ်အရ အချက်ပေါင်း ၅၁ ချက်ကို သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့သော်လည်း လုံခြုံရေးကဏ္ဍအတွက် ပါဝင်နိုင်မှု မရှိသေးကြောင်း အဆိုပါဆွေးနွေးပွဲမှ သိရသည်။

ထို့ကြောင့် ကျန်ရှိနေသော အဆိုပါကဏ္ဍအတွက် ဆွေးနွေးရာတွင် ပြည်သူများ၏ နေ့စဉ်ဘဝလုံခြုံရေးနှင့် ထည့်သွင်းစဉ်းစားစရာများကို ထည့်သွင်းနိုင်ရေးအတွက် ယခုသုတေသနစာတမ်းကို ထုတ်ဝေခြင်းဖြစ်ကြောင်း တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly