အပစ်ရပ် စာချုပ်ထက် ပိုအရေးကြီးတဲ့ အရာ

အပစ်ရပ် စာချုပ်ထက် ပိုအရေးကြီးတဲ့ အရာ

ဒီကနေ့ စက်တင်ဘာ ၂၈ ရက်နေ့ဆို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ ထိပ်သီး အစည်းအဝေးပွဲကြီး တစ်ခု စတင် ကျင်းပနေပါပြီ။ အဖွဲ့ပေါင်းစုံ တက်ရောက်ဖို့ ဖိတ်ကြား ထားတာကြောင့် စုံစုံညီညီ တက်ရောက်ကြမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ အစည်းအဝေးကြီးရဲ့ အဓိက အကြောင်းအရာကတော့ အစိုးရနဲ့ နှစ်ဘက် သဘောတူထားပြီး ဖြစ်တဲ့ အပစ်ရပ်စာချုပ်ကို လက်မှတ် ထိုးမှာလား၊ မထိုးသေးဘူးလားဆိုတဲ့ အကြောင်းအရာပါ။

အခြား တစ်ဘက်မှာတော့ အစိုးရကလည်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တချို့ကို လာမယ့် အောက်တိုဘာ ၂ ရက်နေ့မှာ အစည်းအဝေးပြုလုပ်ဖို့ ခေါ်ထားပါသေးတယ်။ အဲဒါကတော့ တစ်တိုင်းပြည် လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးမယ့် ရက်အတိအကျ သတ်မှတ်နိုင် ရေးပါ။ အစိုးရဘက်ကတော့ ရွေးကောက်ပွဲ မတိုင်ခင် လာမယ့် အောက်တိုဘာလ လယ်လောက် မှာ လက်မှတ်ထိုးပွဲ ကျင်းပချင်နေတာပါ။ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေဘက်က ဘယ်လို တုန့်ပြန်နိုင်သလဲ၊ အစိုးရကရော ဘာဆက်လုပ်မလဲ၊ တကယ့် အရေးကြီးတဲ့ အချက်က ဘာလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေးနဲ့ ပတ်သက်ပြီး အစိုးရဘက်က သဘောထားက တော့ ရှင်းရှင်းလင်းလင်း ရှိနေပါပြီ။ အဖွဲ့ ၁၅ ဖွဲ့ကို လက်မှတ်ရေးထိုးဖို့ ခွင့်ပြုမယ်၊ ဖိတ်ခေါ်မယ်၊ တကယ်လို့ အားလုံး မထိုးသေးဘူး၊ အဖွဲ့တချို့ပဲ ထိုးမယ်ဆိုရင်လည်း လက်မှတ်ထိုးပွဲကြီးကို အောက်တိုဘာ လလယ်လောက်မှာ လုပ်မယ် ဆိုတာပါပဲ။ တိုင်းရင်းသားတွေ ဘက်ကတော့ ယတိပြတ် ဆုံးဖြတ်ထားတာ မတွေ့ ရသေးပါဘူး။ နောက်ဆုံး သဘောထားကတော့ ကေအိုင်အို ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ အပါအဝင် အဖွဲ့တချို့က အားလုံး ပါဝင်နိုင်ခြင်း မရှိရင် လက်မှတ် မထိုးနိုင်သေးဘူးဆိုတဲ့ သဘောထားဖြစ် ပြီး ကေအင်န်ယူ ကရင်အမျိုးသား အစည်းအ ရုံးနဲ့ အဖွဲ့တချို့ကတော့ လက်မှတ် ရေးထိုးမယ်ဆိုတဲ့ သဘောထား ဖြစ်ပါတယ်။

နဂိုကတော့ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေကြား သဘောတူညီမှု မရတာဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး မပါဝင်နိုင်လို့ဆိုတဲ့ အချက်က အဓိက ဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း အချိန်တွေ တဖြည်းဖြည်း ကုန်လာတဲ့အခါ လက်မှတ်ထိုးမယ့် အချိန် ဆိုတာကလည်း ပြဿနာတစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။ အစိုးရဘက်က ရွေးကောက်ပွဲ မတိုင်ခင် တစ်တိုင်းပြည် လုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကြီးကို ကြီးကြီးကျယ်ကျယ် လက်မှတ် ရေးထိုးချင် တာဟာ သာမန်ရိုးရိုး သဘောထားမျိုး မဟုတ်ဘူးလို့ အဖွဲ့တချို့က ယူဆပါတယ်။ အစိုးရဟာ နိုင်ငံတကာ ပါဝင်တဲ့ ဒီလက်မှတ် ရေးထိုးပွဲကနေ နိုင်ငံရေးအရ အမြတ်ထုတ်သွားနိုင်တယ်၊ ရွေးကောက်ပွဲအတွက် အမြတ်ထုတ်နိုင်တယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။ အဖွဲ့တချို့ကတော့ အစိုးရဘက်က ဘယ်လို သဘောထားရှိရှိ လိုက်လျော လက်မှတ်ထိုးချင်ကြတာ တွေ့ရပါတယ်။

ခုဆိုရင် ရွေးကောက်ပွဲကြီး ကျင်းပဖို့ တစ်လစွန်းစွန်းပဲ လိုပါတော့တယ်။ တကယ်လို့ ရွေးကောက်ပွဲကြီး ပြီးမှ လက်မှတ်ထိုးကြမယ် ဆိုရင်လည်း လက်ရှိ အစိုးရလက်ထက်မှာပဲ လက်မှတ်ထိုးတာ ဖြစ်ပြီး ၂၀၁၆ ဖေဖော်ဝါရီလလယ် အခု အစိုးရလက်ထက်မှာပဲ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရဘက်က ရိုးရိုးသားသားပဲဆိုရင် လက်မှတ်ထိုးတဲ့ ကိစ္စရွေးကောက်ပွဲ မတိုင်ခင် အောက်တိုဘာမှာပဲ လုပ်လုပ်၊ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလလယ်မှာပဲ လုပ်လုပ် ဘာမှ ထူးခြားမှု မရှိနိုင်ပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင် မဖြစ်ဖြစ် တဲ့နည်းနဲ့ လက်မှတ်ထိုးဖို့ ကြိုးစားနေစရာ မလိုပါဘူး။

ဒီလို အသည်းအသန် ကြိုးစားနေတာကိုက တိုင်းရင်းသားတွေကို သံသယ ပွားစေပါတယ်။ ဒါကြောင့် အခု တိုင်းရင်းသား အစည်းအဝေးကနေ အစိုးရ ကမ်းလှမ်းတဲ့ အဖွဲ့တွေက လက်မှတ်ထိုးကြမယ်၊ ဒါပေမယ့် ရွေးကောက်ပွဲအပြီးမှ လက်မှတ်ရေးထိုးပွဲကို လုပ်ချင်တယ်လို့ တောင်းဆိုလာရင်လည်း အစိုးရဘက်က လက်ခံဖို့ သင့်ပါ တယ်။

တကယ့်တကယ် အရေးကြီးတာက အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ပြည်တွင်းစစ် မရှိတော့မှသာ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှသာ တိုင်းပြည်အေးချမ်းသာယာ ပြီး ဖွံ့ဖြိုး တိုးတက်နိုင်မယ်ဆိုတာ လေးလေးနက်နက် သဘောပေါက်ကြဖို့ပါပဲ။ ငြိမ်းချမ်းမှပဲ ဒီမိုကရေစီရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မှာပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ဆိုတာကလည်း အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်ရုံနဲ့ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်တယ်၊ ဆွေးနွေးနေကြတယ် ဆိုရုံနဲ့လည်း မရပါဘူး။

အပစ်ရပ် ခိုင်မြဲအောင် လုပ်ရမယ့် ကိစ္စတွေ၊ တိုင်းရင်းသားတွေ ကိုယ့်နေအိမ်ကိုယ် အေးအေးချမ်းချမ်း ပြန်နေနိုင်အောင် လုပ်ပေးရမယ့် ကိစ္စတွေ၊ မြေမြုပ်မိုင်း ရှင်းလင်းရမှာတွေ၊ ငြိမ်းချမ်းရေးကို ရေရှည် တည်တံ့စေမယ့် တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေး ကိစ္စတွေ အများကြီး လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။ ဒါတွေ မလုပ် ကိုင်နိုင်ဘဲနဲ့တော့ အပစ်ရပ် ခိုင်မာမှာ မဟုတ်သလို၊ နိုင်ငံရေး ဆွေးနွေးပွဲ စကားဝိုင်းမှာ လည်းပြေလည်မှု ရနိုင်ကြမှာ မဟုတ်ပါဘူး။

တဆက်တည်း မြန်မာ့တပ်မတော်ရဲ့ နိုင်ငံရေးမှာ ရာနှုန်းပြည့်နီးပါး ပါဝင်ပတ်သက်နေတဲ့ ကိစ္စတွေကို ပြုပြင် လျှော့ချကြရမှာ ဖြစ်သလို လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တချို့ကလည်း ကိုယ့်တိုင်းရင်းသား ပြည်သူတွေအပေါ် စစ်ဘုရင်တွေသဖွယ် ပြုမူ အုပ်ချုပ် မင်းလုပ်နေတာတွေ ကိုလည်း ပြုပြင် ပြောင်းလဲ ကြရပါလိမ့်မယ်။ ဒါတွေ အားလုံးနဲ့ ချိန်ထိုးကြည့်ရင် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးတယ်ဆိုတာ သာမန် အဆင့်တစ်ဆင့်လို့ပဲ မှတ်ယူနိုင်ပါတယ်။ အကြောင်း ကတော့ နိုင်ငံတကာမှာ အပစ်ရပ် လက်မှတ်ထိုးပြီးမှ တိုက်ပွဲတွေ ပြန်ပြီးဖြစ်ကြတဲ့ သာဓကတွေ အများကြီးရှိလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ မခိုင်မာတဲ့ အပစ်ရပ် စာချုပ်ဖြစ်ပါစေ၊ နှစ်ဘက် အင်အားစုတွေက ငြိမ်းချမ်းရေးကို တကယ်လိုလားကြလို့၊ ငြိမ်းချမ်းရေးကို အဘက်ဘက်က ပံ့ပိုးတဲ့လုပ်ရပ်တွေကို အကောင်အထည် ဖော်နိုင်ခဲ့ကြလို့ အပစ်ရပ် ခိုင်မာသွားတာ၊ နိုင်ငံရေး အရလည်း ပြေလည်မှု ရသွားကြတာ၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလည်း ရသွားကြတာ စတဲ့ သာဓကတွေ အများကြီးရှိလို့ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags