YBS ယာဉ်လိုင်း ၄ လိုင်း ညလုံးပေါက်ပြေးဆွဲပေးနေ

YBS ယာဉ်လိုင်း ၄ လိုင်း ညလုံးပေါက်ပြေးဆွဲပေးနေ
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဒီဇင်ဘာလ ၂ဝ ။             ။ ရန်ကုန်မြို့တွင်း ညပိုင်းသွားလာနေသည့် ခရီးသည်များအဆင်ပြေစေရန်အတွက် OMNI FOCUS ကုမ္ပဏီမှ YBS ယာဉ်လိုင်းအမှတ် YBS ၂ဝ၊ YBS ၈၃၊ YBS ၉၈၊ YBS ၉၉ တို့ဖြင့် ၂၄ နာရီ တိုးမြှင့်ပြေးဆွဲပေးနေပြီ ဖြစ်သည်။

အဆိုပါ ၂၄ နာရီ ပြေးဆွဲမှုကို ဒီဇင်ဘာလ ၁၉ ရက်၊ ညပိုင်းမှ စတင်ကာ ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ယာဉ်စီးခ များကိုလည်း နေ့ပိုင်းစီးသည့် ယာဉ်စီးခအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း Omni Focus General Services Public ကုမ္ပဏီလီမီတက်မှ ဥက္ကဋ္ဌ ဦးကျော်နေဝင်းက ပြောသည်။

“ ကျွန်တော်တို့ ယာဉ်စီးခကိုတော့ လက်ရှိအချိန်မှာ နေ့ဘက်ပြေးဆွဲတဲ့ ယာဉ်စီးခအတိုင်းပဲ ပြေးဆွဲပေး သွားမှာ ဖြစ်ပါတယ်။ YRTA ကသတ်မှတ်ထားတဲ့အတိုင်း ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်”ဟု ဦးကျော်နေဝင်းက ပြောသည်။

ခရီးသည်များလုံခြုံရေးအတွက် YBS ဘတ်စ်ကားများပေါ်တွင် လုံခြုံရေးဝန်ထမ်းတစ်ဦးစီ လိုက်ပါမည်ဖြစ်ပြီး ၂၄ နာရီဝန်ဆောင်မှုအနေဖြင့် တိုးမြှင့်ပြေးဆွဲမည်ဖြစ်သည့်အတွက် ယာဉ်မောင်းများကိုလည်း နေ့ယာဉ်မောင်းနှင့် ညယာဉ်မောင်း နှစ်ဦးစီ တာဝန်ပေးထားကြောင်း OMNI FOCUS ကုမ္ပဏီမှ တာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်။

“ ယာဉ်လိုင်းတစ်လိုင်းချင်းစီမှာ ကျွန်တော်တို့ ယာဉ်စီးရေကို ပြေးဆွဲတဲ့ အချိန်ပေါ်မူတည်ပြီးတော့မှ ၅ စီးနဲ့ ၆ စီးကြား တိုးသွားပါမယ်။ စုစုပေါင်းပြေးဆွဲမှာကတော့ တစ်ညကို အစီး ၂ဝ လောက်တော့ ရှိမှာပေါ့”ဟု Omni Focus General Services Public ကုမ္ပဏီလီမီတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြော သည်။

ထိုသို့ ညလုံးပေါက်ပြေးဆွဲရာတွင် ခရီးစဉ်ရှည်သည့် ယာဉ်လိုင်းများတွင် YBS ဘတ်စ်ကားများကို မိနစ် ၃ဝ လျှင် တစ်စီးနှုန်းဖြင့် လွှတ်ပေးသွားမည်ဖြစ်ပြီး ခရီးစဉ်တိုသည့် ယာဉ်လိုင်းတွင် ဘတ်စ်ကားများကို ၄၅ မိနစ်လျှင် တစ်စီးနှုန်းဖြင့် လွှတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

YBS အမှတ် ၉၉ ယာဉ်လိုင်း၏ လမ်းကြောင်းများမှာ (ဒဂုံဧရာအဝေးပြေး-ရတနာနှင်းဆီအိမ်ရာ) ခရီးစဉ် လမ်းကြောင်းဖြစ်ပြီး ဒဂုံဧရာအဝေးပြေး-လှိုင်မြစ်လမ်း-အင်းစိန်ပန်းခြံ-စော်ဘွားကြီးကုန်း-(၈)မိုင်-ကမ္ဘာအေး-ချော်တွင်းကုန်း-ဘေလီ-မဝတလမ်းဆုံ-ပြည်ထောင်စုလမ်း-တောင်မြောက်လမ်းဆုံ-အမှတ်(၂)လမ်း-မောင်း မကန်လမ်း-ဧရာဝဏ်လမ်း-ရွှေလီလမ်း-ရတနာနှင်းဆီအိမ်ရာ အထိပြေးဆွဲပေးနေကြောင်း သိရသည်။ ထို့အပြင် YBS 98သည် ဒဂုံဧရာအဝေးပြေး - ညောင်တုန်းလမ်း - အောင်ဇေယျတံတား -ပေါက်တောဝ - ဘုရင့်နောင် လမ်းဆုံ - ရေကြောင်း - အရိုးဆေးရုံ - ကြည့်မြင်တိုင်ညစျေး - ဟုမ်းလမ်း - သခင်မြပန်းခြံ - ဗိုလ်ချုပ်စျေး (Junction City) - လမ်း(၅၀) - ညောင်တန်း - သန်လျက်စွန်း - ဗိုလ်တစ်ထောင်ဘုရား - (၆)ထပ်ရုံး - မော်တင် - သခင်မြပန်းခြံ - ဟုမ်းလမ်း - ကြည့်မြင်တိုင်ညစျေး - အရိုးဆေးရုံ - ရေကြောင်း - ဘုရင့်နောင်လမ်းဆုံ - ပေါက်တောဝ - အောင်ဇေယျတံတား - ညောင်တုန်းလမ်း - ဒဂုံဧရာအဝေးပြေးအထိ ပြေးဆွဲနေကြောင်း သိရသည်။

 YBS 83 ယာဉ်လိုင်းသည် ဒဂုံဧရာအဝေးပြေးမှ အမှတ် (၅) လမ်းမကြီး- ဦးဘဟန်လမ်း- ကျိုက်ဝိုင်းဘုရားလမ်း- နဝဒေးလမ်း- ကမ္ဘာအေးဘုရားလမ်း-ကံဘဲ့လမ်း- သစ္စာလမ်း- သံသုမာလမ်း-လေးထောင့်ကန်လမ်း- အမှတ် (၂) လမ်းမကြီး-ပြည်ထောင်စုလမ်း-လှော်ကားလမ်း- မောင်းမကန်လမ်း တို့ကို ဖြတ်သန်းအသုံးပြုကာ ယဉ်ကျေးမှု တက္ကသိုလ်အထိပြေးဆွဲနေကြောင်း  YBS ၂၀ ယာဉ်လိုင်းမှာ ဒဂုံဧရာအဝေးပြေး - သမကုန်း- ဘီအိုစီ- မီးခွက်စျေး- တံတားဖြူ- ဘုရားလမ်း-ဗိုလ်ချုပ်- စက်မှုဇုံ-ဘုရင့်နောင်လမ်းဆုံ- အုတ်ကျင်း- သီရီ မင်္ဂလာစျေးသစ် - ချောင်းဝ-ရေကြောင်း- ဆင်မလိုက်အဝေးပြေး- ကမ်းနားစျေး-ညစျေး-စာတိုက်- ၉ထပ်ကြီး- ရှမ်းလမ်း-မြေနီးကုန်း-ရွှေဂုံတိုင်- တာမွေအဝိုင်း- တာမွေစျေး- ကျောက်မြောင်းစျေး-သီတာ-လမ်းကျယ်- သိမ်ဖြူ-စိန်ပေါလ်- ဘိုကလေးစျေး- ညောင်ပင်လေးစျေး- မော်တင်- သခင်မြပန်းခြံအထိ ပြေးဆွဲနေခြင်းဖြစ်သည်။

အဆိုပါ ယာဉ်လိုင်း ၄ လိုင်းဖြင့် ၂၄ နာရီဝန်ဆောင်မှုဖြင့် တိုးမြှင့်ပြေးဆွဲမှု ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်၊ ညနေ ၅ နာရီ၊ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးကုန်ကားကြီးဝင်းရှိ OMNI FOCUS YBS ရုံးတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly