လှိုင်သာယာရှိ စက်ရုံအချို့မှ အလုပ်သမားများ အလုပ်ရှင်ကို တရားစွဲမည်ဟုဆို

လှိုင်သာယာရှိ စက်ရုံအချို့မှ အလုပ်သမားများ အလုပ်ရှင်ကို တရားစွဲမည်ဟုဆို

ဒီဇင်ဘာ ၂၀ ။           ။ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံအချို့မှ အလုပ်သမားသည် စက်ရုံလုပ်ငန်းရှင်များနှင့် ပြေလည်မှု မရရှိသောကြောင့် လုပ်ငန်းရှင်များကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း Myanmar Infochamp စက်ရုံမှ အလုပ်ထုတ်ပယ်ခံရသူ မသင်းသင်းအေး ကပြောသည်။

 "မနေ့က ဝန်ကြီးချုပ်က ညှိနှိုင်းဖြေရှင်းပေးတယ်။ ဒါပေမယ့် အလုပ်ရှင်တွေဘက်က ပြန်ခန့်ဖို့အစီစဉ်မရှိဘူးဆို တော့ ကျွန်မတို့က သက်ဆိုင်ရာကိုတိုင်ပြီး တရားစွဲသွားမယ်။ ဝန်ကြီးချုပ်ကလည်း ဥပဒေအတိုင်ပင်ခံတွေ ကူ ညီမယ်ပြောတယ်။ သူနာမည်နဲ့လိပ်မူပြီး စာတင်ပါပြောတယ်။ ကျွန်မတို့ကတော့ တရားစွဲသွားမယ်။ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုလည်း တိုင်ကြားသွားဖို့ရှိတယ်" ဟု မသင်းသင်းအေး ကပြောသည်။

 လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန်(၃)ရှိ Korea Link အထည်ချုပ်စက်ရုံ၊ လှိုင်သာယာစက်မှုဇုန်(၅)ရှိ Central Star အထည်ချုပ်စက်ရုံ၊ MDM ဖိနပ်စက်ရုံနှင့် Myanmar Infochamp ဖိနပ်စက်ရုံ၊ ရွှေလင်ဗန်းစက်မှု ဇုန်ရှိ Nisho အထည်ချုပ်စက်ရုံများတွင် ဖြစ်ပေါ်နေသော အလုပ်ရှင်၊ အလုပ်သမားပြဿနာများနှင့် ပတ် သက်ပြီး ဒီဇင်ဘာ ၁၉ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံ၊ ခန်းမ(၃)တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သက် ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 လှိုင်သာယာစက်မှုဇုန်ရှိ ပိတ်သိမ်းသွားသည့် MDM ဖိနပ်စက်ရုံမှ အလုပ်သမား ၄၅ဦး၏ နစ်နာကြေးမရရှိမှု၊ Central Star အထည်ချုပ်စက်ရုံပိုင်ရှင်က အလုပ်သမား ၄၅ဝကို လစာမရှင်းဘဲ တိမ်းရှောင်နေမှုနေမှု၊ ရွှေလင် ဗန်းစက်မှုဇုန် Myanmar Infochamp ဖိနပ်စက်ရုံတွင် သမဂ္ဂဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင် ၄ဦးကို အလုပ်ထုတ်ပယ်မှုနှင့် ရွှေလင်ဗန်းစက်မှုဇုန် Nisho အထည်ချုပ်စက်ရုံများတွင် ဖြစ်ပေါ်နေသော အလုပ်ရှင်၊ အ လုပ်သမားပြဿနာများနှင့် ပတ်သတ်ပြီး ဒီဇင်ဘာ ၁၄ရက်က မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့သည်။

“အလုပ်ရှင်က တိမ်းရှောင်သွားတာဖြစ်တဲ့အတွက် သူကိုတော့အရေးယူတာပေါ့။ စက်ရုံမှာရှိတဲ့ ပစ္စည်းတွေ ကတော့လေလံပစ်ဖို့အတွက်လုပ်သွားမှာပေါ့။ ဝန်ကြီးချုပ်ကမှာလိုက်တာက ကလေးတွေကို လုပ်ခလစာ ဦးစားပေးပြီးရှင်းပေးရမယ်။ အခြားစက်ရုံတွေကတော့ ညှိနှိုင်းလို့မရဘူး လုပ်ငန်းခွင်ပြန်ဝင်ခွင့်မပေးတဲ့အတွက် သူတို့တွေကတော့ ဆက်လက်တရားစွဲဆိုသွားမယ်ပေါ့” Central Star အထည်ချုပ်စက်ရုံမှ အလုပ်သမား မခင်မျိုးမျိုးချောက ပြောသည်။

 လက်ရှိအချိန်တွင် အလုပ်သမားများမှာ ညှိနှိုင်းဖြေရှင်းရာတွင် အလုပ်ရှင်ဘက်မှ အလုပ်ပြန်လည်ခန့်ထားခြင်းမ ရှိသဖြင့် နစ်နာကြေးယူမည်မဟုတ်ဘဲ ဥပဒေများနှင့်အညီ တရားစွဲဆိုမှုပြုလုပ်သွားမည်ဖြစ်ကြောင်း မသင်းသင်းအေး ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly