လိဂ်ဖလား (Carabao Cup) ဆီမီးဖိုင်နယ်အဆင့်မှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းက လိဂ်-၁ (League One) ကလပ် ဘာတန်အသင်း၊ လန်ဒန်မြို့ခံပြိုင်ဘက်တွေဖြစ်ကြတဲ့ စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ အသီးသီး တွေ့ဆုံခဲ့ပါတယ်။
ကွာတားဖိုင်နယ်ပွဲစဉ် ဒုတိယနေ့ပွဲစဉ်တွေမှာ စပါးက အာဆင်နယ်ကို ၂-၀ ဂိုး၊ ချယ်လ်ဆီးအသင်းက ဘုန်းမောက်ကို ဟာဇက်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ၁-၀ ဂိုး အသီးသီး အနိုင်ရပြီး ဆီးမီးဖိုင်နယ်ကို တက်ရောက်ခဲ့ကြတာပါ။
လိဂ်ဖလားပြိုင်ပွဲမှာ ၁၀ နှစ်သက်တမ်းသာ ကစားဖူးသေးတဲ့ ဘာတန်ဟာ မစ်ဒယ်ဘရော့အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး အဓိကပြိုင်ပွဲတွေမှာ ပထမဆုံးအကြိမ်အဖြစ် ဆီးမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းကတော့ လိဂ်ဖလားပြိုင်ပွဲ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ၆ ကြိမ်မှာ ၃ ကြိမ် (၂၀၁၄၊ ၂၀၁၆၊ ၂၀၁၈)ထိ ဗိုလ်စွဲထားတဲ့ အသင်းဖြစ်ပြီး ကွာတားဖိုင်နယ်မှာ လက်စတာစီးတီးကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ဆီမီးကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။
လိဂ်ဖလားဆီးမီးဖိုင်နယ်ပွဲစဉ်တွေကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်နဲ့ ကစားသွားမှာဖြစ်ပြီး ၂၀၁၉၊ ဇန်နဝါရီ ၇ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့က အိမ်ကွင်းမှာ ဦးစွာကစားရမှာဖြစ်ပါတယ်။