နိုင်ငံတကာကြွေးမြီတွင် တရုတ်သို့ အများဆုံးပြန်ဆပ်နေရပြီး ချေးငွေလုပ်ငန်းစီမံကိန်းများ လက်ညှိုးထိုးပြစရာ မရှိဟု ဆို

နိုင်ငံတကာကြွေးမြီတွင် တရုတ်သို့ အများဆုံးပြန်ဆပ်နေရပြီး ချေးငွေလုပ်ငန်းစီမံကိန်းများ လက်ညှိုးထိုးပြစရာ မရှိဟု ဆို

နေပြည်တော်။ ဒီဇင်ဘာ၁၈။           ။ ပြည်ပနိုင်ငံများသို့ နှစ်စဉ် ကြွေးမြီပေးချေနေမှုတွင် တရုတ်နိုင်ငံသို့ အများဆုံး ပြန်ဆပ်နေရပြီး ချေးငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းစီမံကိန်းများကို ထင်ထင်ရှားရှား လက်ညှိုးထိုးပြစရာမရှိကြောင်း ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောဆိုလိုက်သည်။

“အထူးသဖြင့် တရုတ်နိုင်ငံ EXIM Bank နဲ့ China Development Bank ကနေပြီးတော့ ချေးယူပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စက်မှုဝန်ကြီးဌာနအောက်က စက်ရုံ၊ အလုပ်ရုံတွေ ဥပမာအားဖြင့် ဆိုရင် မြင်းခြံသံမဏိစက်ရုံ၊ သာဂရစက်မှုဇုန်စတဲ့ စီမံကိန်းတွေအပြင် သမဝါယမ ချေးငွေတွေဟာ တိုင်းပြည် အတွက် အကြွေးဝန်ပိတာပဲ အဖတ်တင်တဲ့ လုပ်ငန်းစီမံကိန်းတွေ ဖြစ်နေတာကို ကျွန်မတို့အနေနဲ့ သင်ခန်းစာ မယူချင်လို့ကို မရတဲ့ ကိစ္စရပ်တွေအဖြစ် မီးမောင်းထိုးပြနေတာကို တွေ့ရမှာဖြစ်ပါတယ်”ဟု ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၈ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သည့် ၂၀၁၇-၂၀၁၈၊ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် ၄င်းအစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၀/၂၀၁၈) ကို ဆွေးနွေးရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ပြည်ပနိုင်ငံများသို့ တိုးရင်းပြန်ဆပ်ရသည့် အမေရိကန်ဒေါ်လာ ကျပ်သန်း ပေါင်း ၇၀၀ အနက် တရုတ်နိုင်ငံသို့ ဒေါ်လာ သန်း ၅၅၀ ပေးနေရပြီး ရာခိုင်နှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။

 “စီးပွားရေးနည်းလမ်းနဲ့ အဖြေရှာလို့ မဖြစ်နိုင်ရင် နိုင်ငံရေးနည်းလမ်းနဲ့ ကြိုးစားအဖြေရှာသင့်ပါတယ်။ အကုန် လုံးလျော်ပစ်ဖို့ မဖြစ်နိုင်ရင်တောင်မှ အနည်းဆုံးတော့ အတိုးနှုန်းကို ပြန်လည်ညှိနှိုင်းလျော့ချနိုင်ရေး အားထုတ် တာ၊ ပြန်လည်ပေးဆပ်မဲ့ အချိန်ဇယားကို ပြန်လည်ရေးဆွဲတာ စတဲ့ အချက်တွေကို မဖြစ်မနေ ကြိုးပမ်း ဆောင်ရွက်သင့်တယ်လို့ အကြုံပြုလိုပါတယ်”ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။

ပြည်ပချေးငွေ ဆပ်ရန် ကျန်သည့်ငွေသည် ၁၉၈၈ ခုနှစ်မတိုင်မီကာလတွင် ၄၂၁၆.၈၆၁ သန်း၊ ၁၉၈၈-၁၉၈၉မှ ၂၀၁၀-၂၀၁၁ ကာလထိအောင် အမေရိကန်ဒေါ်လာ ၂၇၄၄.၁၉၇ သန်း၊ ၂၀၁၁-၂၀၁၂မှ ၂၀၁၆-၂၀၁၇ အထိ ၃၁၄၇.၆၇၇ သန်း၊ ၂၀၁၆-၂၀၁ရမှ ၂၀၁၇-၂၀၁၈ထိ ၉၁.၄၃၅ သန်း ရှိပြီး စုစုပေါင်း ၁၀.၂ ဘီလီယံကျော် အထိ ရှိနေကြောင်း မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက ပြောသည်။

“၄င်းပြည်ပကြွေးမြီစာရင်းကို ကြည့်ခြင်းအားဖြင့် ဘယ်ခေတ်၊ဘယ်ခါအချိန်အခါမှာ အကြွေး ဝန်ထုပ်ဝန်ပိုး ပိခဲ့တယ်ဆိုတာ သိသာပေါ်လွင်စေပါတယ်။ ၄င်းကြွေးမြီများကို ပြန်လည်ပေးဆပ်ရန်တော့ ကျွန်တေ်ာတို့ အားလုံးမှာ တာဝန်ရှိပါတယ်”ဟု ဦးလှဆန်းက ပြောသည်။

ပြည်ပချေးငွေများသည် အတိုးနှုန်းသက်သာပြီး နှစ်ရှည် ပြန်ဆပ်ရသော်လည်း ချေးယူသည့် အစိုးရမှ ပြန်လည် ဆပ်ရခြင်းမျိုးမဟုတ်ဘဲ နောင်လာမည့် ခေတ်အဆက်ဆက်အစိုးရများမှ ပေးဆောင်ရခြင်းဖြစ်သည့်အတွက် အလွယ်တကူ ချေးယူရန် တွန်းအားပေးသည် ပိုများနေသည်ဟု ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်ကလည်း  အစည်းအဝေးတွင်း အစီရင်ခံစာအပေါ် ဆွေးနွေးစဉ် ပြောဆိုခဲ့သည်။

China Development Bank မှ ချေးငွေ ရယူထားမှုများအနက် ဥပမာအားဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၁၆ ဒဿမ ၄၀၈ သန်း၊ လူစီးရထားတွဲဆိုင်းများဝယ်ယူရန် အတိုးမဲ့ ယွမ် သန်း ၈၀၊ ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှတင်ပို့မှုတွင်လည်း CDB ချေးငွေဖြင့် ဆောင်ရွက်နေခြင်းများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly