မြန်မာနိုင်ငံတွင် မှတ်တမ်းလုံးဝ မရှိသေးသည့် ရှားပါး ငှက်မျိုးစိတ် တစ်မျိုးတွေ့ရှိ

မြန်မာနိုင်ငံတွင် မှတ်တမ်းလုံးဝ မရှိသေးသည့် ရှားပါး ငှက်မျိုးစိတ် တစ်မျိုးတွေ့ရှိ
Milky Stork ( Mycteria cinerea) ငှက်အား တွေ့ရစဉ်။ ဓာတ်ပုံ-အင်တာနက်

ရန်ကုန်၊ဒီဇင်ဘာ၁၈ ။               ။ မြန်မာနိုင်ငံတွင် မှတ်တမ်းလုံးဝ မရှိသေးသည့် Milky Stork ( Mycteria cinerea) ငှက်မျိုးစိတ်တစ်မျိုးကို မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ပတ်ဝန်းကျင်တွင် ပထမဆုံးအကြိမ် တွေ့ရှိ မှတ်တမ်း တင်နိုင်ခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)၏ ထုတ်ပြန်ချက်အရသိရသည်။

 အဆိုပါ ဘေးမဲ့တော ဝန်ထမ်းများနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိိုင်ငံအစီအစဉ်) တို့မှ  ငှက်ပညာရှင်များသည် ဘေးမဲ့တောအတွင်း ငှက်မျိုးစိတ်များနှင့် ပတ်သက်ပြီး သွားရောက်လေ့လာခဲ့ရာမှ ယခုကဲ့သို့ Milky Stork ( Mycteria cinerea) ငှက်မျိုးစိတ် ၁၁ ကောင်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 “အခု ခရီးစဉ်မှာမှ တွေ့ရှိရတာဆိုတော့ ကျွန်တော်တို့ နို်င်ငံအတွက် မှတ်တမ်းအသစ်ဖြစ်ပါတယ်။ တွေ့ခဲ့တာကတော့ (၈) ကောင် တစ်အုပ်စု၊ ၂ ကောင်ရယ်၊ တစ်ကောင် ရယ်၊ စုစုပေါင်း ၁၁ ကောင် တွေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မှန်းတာကတော့ ၁၁ ကောင်ထက် ပိုများပါတယ်။ တစ်ကမ္ဘာလုံးမှာ ဆိုရင်တော့ မျိုးသုဉ်းဖို့ အလားအလာ ရှိနေတဲ့ မျိုးသုဉ်းလုနီးပါး မျိုးစိတ်ဖြစ်ပါတယ်။ ဒီတော့ ဒီငှက်မျိုးစိတ်တွေ ကျက်စားနိုင်တဲ့ ဒေသတွေမှာ သုတေသနတွေ လုပ်ပြီးတော့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆက်လုပ်ဖို့ လိုပါတယ်”ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ ငှက်ပညာရှင် ဦးသက်ဇော်နိုင်က ပြောသည်။

 ယင်း Milky Stork ( Mycteria cinerea) သည် ကမ္ဘာပေါ်တွင် အကောင်ရေ ၁၅၀၀ ခန့်သာ ကျန်ရှိတော့ပြီး အကောင်ရေ ကျဆင်းနေကြောင်း IUCN Red List စာရင်းက ထုတ်ပြန်ထားပြီး မျိုးသုဉ်းရန်အန္တရာယ် ရှိသော မျိုးစိတ်လည်း ဖြစ်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly