ရှမ်းပြည်နယ်နှင့်ပတ်သက်သော အပြောင်းအလဲများကို နိုင်ငံတော်သမ္မတရုံး ပြုလုပ်

By မျိုးထွန်းနိုင်
18 December 2018
ရှမ်းပြည်နယ်နှင့်ပတ်သက်သော အပြောင်းအလဲများကို နိုင်ငံတော်သမ္မတရုံး ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ။            ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးသည် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင်  အမိန့်ကြော်ငြာ စာများ ထုတ်ပြန်ကာ ရှမ်းပြည်နယ်နှင့်ပတ်သက်သော အပြောင်းအလဲများကို ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် ပြည်နယ်ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီး တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း နှင့် ပြည်နယ်ဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်းတို့ပါဝင်ခဲ့ပြီး ပြောင်းလဲမှု အားလုံးသည် ရှမ်းနှင့်ပတ်သက်သော အကြောင်းအရာအရာများ ဖြစ်နေကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာများအရ သိရသည်။

ပြည်နယ်ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းရာတွင် နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ်၊ ၉၇ / ၂၀၁၈ ဖြင့် ရှမ်းပြည်နယ်လွှတ်တော်၏ သဘောတူညီချက်အရ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရှိ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဌာနနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ကို ပူးပေါင်းကာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ် ပြင်ဆင် ဖွဲ့စည်း လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း၌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးအဖြစ် ဦးစိုင်းပန်းဆိုင်(ခ) ဦးစိုင်းထွန်းစိန် (ခ) ဦးကျော်စိန်ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ကြေငြာခဲ့ပြီး နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ်၊ ၄၇/၂၀၁၈ ဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ (ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ ခန့်အပ်ခြင်း ဖြစ်ကြောင်း သိရသည်။

.ပြည်နယ်ဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်းတွင် နိုင်ငံတော်သမ္မတရုံး၊ အမိန့်ကြော်ငြာစာ အမှတ်၊ ၄၆ / ၂၀၁၈ ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(စ)နှင့် တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ)တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးစိုင်းရှဲန်တစ်လုံ ကို လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန သို့လည်းကောင်း  ဦးစိုးညွန့်လွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အဖြစ်လည်းကောင်း ပြောင်းလဲတာဝန်ပေးခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly