နေရှင်နယ်လိဂ် ပွဲစဉ် ၁၆ ရတနာပုံနှင့် ဧရာဝတီအသင်းတို့ ပွဲစဉ်အား အောက်တိုဘာလသို့ ရွှေ့ဆိုင်း

နေရှင်နယ်လိဂ် ပွဲစဉ် ၁၆ ရတနာပုံနှင့် ဧရာဝတီအသင်းတို့ ပွဲစဉ်အား အောက်တိုဘာလသို့ ရွှေ့ဆိုင်း
 ဧရာဝတီအသင်းနှင့် ရတနာပုံတို့ ပထမအကျော့ တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ - ဧရာဝတီယူနိုက်တက်)

စက်တင်ဘာ ၂၈၊ ရန်ကုန် ။        ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲကျန် ပွဲစဉ် ၁၆ ပွဲစဉ်များကို စက်တင်ဘာ ၂၉ ၊ ၃၀ ရက်များတွင် ဆက်လက်ကစားမည်ဖြစ် သော်လည်း ပွဲစဉ် ၁၆ ပွဲစဉ်တစ်ပွဲဖြစ်သော ရတနာပုံအသင်းနှင့် ဧရာဝတီအသင်းတို့ ပွဲစဉ်အား အောက်တိုဘာ ၁ ရက်သို့ ထပ်မံရွှေ့ဆိုင်းခဲ့သည်။

အစောပိုင်းက ရေးဆွဲထားသော ပွဲစဉ် ဇယားအရ ပွဲစဉ် ၁၆ ပွဲစဉ်များ သြဂုတ် ၂၂၊ ၂၃ ရက်များ၌ ကစားရမည်ဖြစ်သော်လည်း မြန်မာ့လက်ရွေးစင်အသင်း၏ ဘောလုံးပွဲစဉ်များကြောင့် ပွဲစဉ် ၁၆ ပွဲစဉ်အား စက်တင်ဘာ ၂၉၊ ၃၀ ရက်များသို့ ပြောင်းလဲခဲ့ ခြင်းဖြစ်သည်။

ထို့ပြင် လက်ရှိအချိန်တွင် ပွဲစဉ် ၁၆ ပွဲစဉ်များအနက် မန္တလေးမြို့၊ ဗထူးကွင်း၌ ကစားမည့် ရတနာပုံအသင်းနှင့် ဧရာဝတီအသင်းတို့ပွဲစဉ်ကို အောက် တိုဘာ ၁ ရက်သို့ ထပ်မံရွှေ့ဆိုင်းခဲ့သည်။

အကြောင်းမှာ ရတနာပုံအသင်းနှင့် ဧရာဝတီ အသင်းတို့သည် စက်တင်ဘာ ၂၇ ရက်က အောင်ဆန်းကွင်း၌ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားထား သောကြောင့် ၎င်းတို့ကစားရမည့် ပွဲစဉ် ၁၆ ပွဲစဉ်ကို အောက်တိုဘာ ၁ ရက်သို့ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ရတနာပုံ အသင်းသည် ဧရာဝတီအသင်းကို ပထမအကျော့၊ ဧရာဝတီဘောလုံးကွင်းတွင် ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ထားပြီး ဗိုလ်ချုပ်အောင် ဆန်းဒိုင်း ရှုံးထွက်ဗိုလ်လုပွဲတွင်လည်း ၂-၁ ဂိုးဖြင့် ထပ်မံရှုံးနိမ့်ကာ ချန်ပီယံဒိုင်းဆုနှင့် လွဲချော်ခဲ့ရသည်။

ပွဲစဉ် ၁၆ အခြားပွဲ စဉ်များအဖြစ် စက်တင်ဘာ ၂၉ ရက်၊ အောင်ဆန်းကွင်းတွင် ဟံသာဝတီအသင်းနှင့် မနောမြေအသင်း၊ စက်တင်ဘာ ၃၀ ရက် အောင်ဆန်းကွင်းတွင် ချင်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း၊ စက်တင်ဘာ ၃၀ ရက် နေပြည်တော်ကွင်းတွင် နေပြည်တော်အသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်း၊ စက်တင်ဘာ ၃၀ ရက် YUSC ကွင်းတွင် ရန်ကုန်အသင်းနှင့် ကမ္ဘောဇ အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ပွဲစဉ် ၁၆ တွင် ဟံသာဝတီအသင်းနှင့် မနောမြေအသင်းတို့၏ ထိပ်တိုက်တွေ့ဆုံမှု ပွဲစဉ်မှာ ဘောလုံးရာသီကုန် တန်းဆင်းဇုန်အတွက် အရေးပါသော ပွဲစဉ်တစ်ပွဲဖြစ်ပြီး နေပြည်တော်အသင်းနှင့် ဇွဲကပင်အသင်း၊ ချင်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့တွေ့ဆုံမှု ပွဲစဉ်မှာလည်း တန်းဆင်းဇုန် အဖြေ အတွက် အရေးပါနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly