မဟာမီးတံတိုင်းဖြင့် အင်တာနက်ကို ဆင်ဆာကွက်ညှပ်ရန် ထိုင်းစစ်ဗိုလ်ချုပ်များ စဉ်းစားလျှက်ရှိ

မဟာမီးတံတိုင်းဖြင့် အင်တာနက်ကို ဆင်ဆာကွက်ညှပ်ရန် ထိုင်းစစ်ဗိုလ်ချုပ်များ စဉ်းစားလျှက်ရှိ

ဘန်ကောက်၊ စက်တင်ဘာ-၂၈ ။                  ။ အစိုးရ၏ ဝဘ်ကိုစောင့်ကြည့်နိုင်စွမ်းကို တိုးမြှင့်ပြီး လိုင်းတင်အချက်အလက် (content)များကို ပိတ်ဆို့ရန်အတွက် နိုင်ငံအတွက် အင်တာနက် အဝင်လမ်းကြောင်း တစ်ခုတည်းသား ထားရှိမည့်အစီအစဉ်များနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၏ စစ်အစိုးရမှာ တရိပ်ရိပ် ကြီးထွားလာနေသည့် ဆန့်ကျင်မှုများကို ရင်ဆိုင်ရလျှက်ရှိသည်။

တရုတ်၏ ပြင်းထန်ကြမ်းတမ်းသော အင်တာနက် ဆင်ဆာကွက်ညှပ်မှု အစီအစဉ်ကို သရော်ထားသည့် ပြဇာတ်တစ်ခုကို အစွဲပြု၍ ''ထိုင်းနိုင်ငံ၏ မဟာမီးတံတိုင်း (Great Firewall of Thailand)''ဟု နာမည်ပြောင်ပေးထားသော အဆိုပြုချက်ကို ဆန့်ကျင်သည့် ပန်ကြားလွှာတစ်စောင်ကို မှတ်မှက်ပေးသူများ၊  ဝေဖန်သုံးသပ်သူများနှင့် အင်တာနက်သုံးစွဲသူများပါဝင်သည့်  သောင်းနှင့် ချီသည့် ပြည်သူလူထုများက လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ဆိုသည်။

ထိုင်းပရိုဂရမ်မာတစ်ယောက်က အစိုးရအမိန့်တစ်ရပ်ကို တွေ့ရှိပြီး လူမှုမီဒီယာပေါ်တွင် ဖြန့်လိုက်သည့် လွန်ခဲ့သည့် ရက်သတ္တပတ်က အင်တာနက်ကို စောင့်ကြည့်ပိတ်ဆို့မည့် အစီအစဉ်များနှင့် ပတ်သက်သည့်သတင်းများ ပထမဆုံးအကြိမ် ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။

အင်တာနက်လမ်းကြောင်း တစ်ခုတည်းသာ ထူထောင်ထားပြီး ၎င်းကို ကြည့်ရှုရန်မသင့်တော်သည့် ဝဘ်ဆိုက်များနှင့် အင်တာနက်မှတစ်ဆင့် အခြားနိုင်ငံများမှ သတင်းအချက်အလက်များ စီးဝင်မှုကို ထိန်းချုပ်ရာတွင် ကိရိယာတစ်ခုအနေဖြင့် အသုံးပြုရန် အစိုးရသတင်းဝဘ်ဆိုက်တွင် မထင်မရှားလွှင့်တင်လာသည့် ကြေညာချက်တစ်ခုထဲတွင် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာနကို အမိန့်ပေးထားသည်ဟု ဆိုသည်။  

ကနဦးကတည်းကပင် ထိုင်းနိုင်ငံ၏ အင်တာနက်မှာ အစိုးရက ပိုင်ဆိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းကိုသာ ဖြတ်သန်းစီးဆင်းနေရသည်။ သို့ရာတွင် ၂၀၀၆ခုနှစ်တွင် လုပ်ထုံးလုပ်နည်းများ ဖြေလျော့ပေးလိုက်သည့်အခါ ကုမ္ပဏီဒါဇင်ပေါင်းများစွာမှာ ကိုယ်ပိုင်ချိတ်ဆက်များ ဖွင့်လှစ်လာနိုင်ကြသောကြောင့် အင်တာနက်မြန်နှုန်း သိသိသာသာ မြင့်တက်လာခဲ့ရာ ထိုင်းနိုင်ငံမှာ ဒေသတွင်းတွင် အိုင်တီဗဟိုဌာနတစ်ခု ဖြစ်လာခဲ့သည်။

အင်တာနက် ချိတ်ဆက်စွမ်းရည်အလိုက် နိုင်ငံများကို အဆင့်သတ်မှတ်သည့် Akamai ၏ ပြောကြားချက်အရ ထိုင်းဘုရင့်နိုင်ငံ၏ ယခုနှစ် ပျမ်းမျှ အင်တာနက် အမြန်နှုန်းမှာ 7.5 mbpsရှိရာ သြစတြေးလျ၊ နယူးဇီလန်နှင့် ပြင်သစ်နိုင်ငံများနှင့် ပမာဏ အတူတူလောက်ရှိသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၏ အာဏာသိမ်းစစ်အစိုးရက ဒစ်ဂျစ်တယ်စီးပွားရေးဟူသော အစီအစဉ်တစ်ခုကို ချပြခြင်းဖြင့် ဒေသတွင်းအင်တာနက်ဗဟိုဌာနတစ်ခုအနေဖြင့် ထိုင်းနိုင်ငံ၏ ဆွဲဆောင်မှုကို ချဲ့ထွင်ရန် ကတိပြုခဲ့သည်။

သို့ရာတွင် တချိန်တည်းမှာပင် စစ်ဗိုလ်ချုပ်များက ဝဘ်ဆိုက်အတော်များများကို ပိတ်ဆို့ခြင်း၊ အွန်လိုင်းဝေဖန်သူများကို ရာဇဝတ်မှုများဖြင့် တရားစွဲခြင်းများဖြင့် အင်တာနက် ဆင်ဆာကွက်ညှပ်မှုကို အရှိန်အဟုန် မြှင့်တင်လာခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly