ပြင်သစ် ခရစ္စမတ်စျေးတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် ဆက်စပ်သည်ဟု သံသယရှိသူ ၄ ဦးအား ဖမ်းဆီး

ပြင်သစ် ခရစ္စမတ်စျေးတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် ဆက်စပ်သည်ဟု သံသယရှိသူ ၄ ဦးအား ဖမ်းဆီး

ဒီဇင်ဘာ ၁၃ ။           ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၁၁ ရက်က ပြင်သစ်နိုင်ငံ၊ စရက်စ်ဘော့ဂ်မြို့ရှိ ခရစ္စမတ်စျေးမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ သံသယရှိသူ ၄ ဦးကို ဖမ်းဆီးထားတယ်လို့ အာဏာပိုင်တွေက ယနေ့မှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါပစ်ခတ်မှုဟာ ဒီဇင်ဘာလ၊ ၁၁ ရက်၊ ည ၈ နာရီခန့်၊ လူစည်ကားရာ ခရစ္စမတ်စျေးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ ၃ ဦးအပြင် လူအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့ညမှာပဲ သေနတ်သမားနဲ့ အကြမ်းဖက်နှိမ်နင်းရေးရဲတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ရာမှ အဆိုပါသေနတ်သမား ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

 အဆိုပါသေနတ်သမားဟာ အသက် ၂၉ နှစ်ရှိ၊ စရက်စ်ဘော့ဂ်မြို့သား၊ ရှေရစ်စီဖြစ်ကြောင်း၊ အခင်းဖြစ်ပွားတဲ့ညမှာ ရဲတွေနဲ့တိုက်ခိုက်ရာ လက်မောင်းတစ်ဖက် ဒဏ်ရာရရှိကာ ထွက်ပြေးသွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ယင်းကဲ့သို့ ထွက်ပြေးရာမှာ ရှေရစ်စီဟာ တက္ကစီတစ်စီးကို ငှားကာ နိုတော့ဖ်ဘက်ကို မောင်းဖို့ ပြောခဲ့ပြီး တက္ကစီသမားကိုလည်း ၎င်းဟာ လူ ၁၀ ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တက္ကစီကားပေါ်က ဆင်းပြီး များမကြာမီမှာပဲ ရှေရစ်စီဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပက်ပင်းတိုးပြီး ထပ်မံ တိုက်ခိုက်ခဲ့ရာမှ ထွက်ပြေးလွတ်မြောက်သွားပြန်တာဖြစ်ပါတယ်။

ရှေရစ်စီဟာ ပြင်သစ်၊ ဂျာမနီနဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာ ဒုစရိုက်မှုနဲ့ နာမည်ကျော်ကြားတဲ့ ရာဇဝတ်သားတစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly