စက်တင်ဘာ ၂၈၊ မန်ချက်စတာ ။ ။ မကြာသေးမီကဥရောပတွင် ရုန်းကန်နေရသော်လည်း မန်စီးတီးအသင်း ချန်ပီယံလိဂ်ဖလားရနိုင်သည်ဟု နည်းပြ ပယ်လီဂရီနီက ပြောဆိုလိုက်သည်။
၂၀၁၁-၁၂ နှင့် ၂၀၁၂-၁၃ ရာသီများတွင် ချန်ပီယံလိဂ်အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသော မန်စီးတီးအသင်းသည် လွန်ခဲ့သည့်နှစ်နှစ်အတွင်း၌မူ ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ဗီလာရီးယဲလ်အသင်းကို ကိုင်တွယ်စဉ်က ဆီမီးအဆင့်နှင့် မာလာဂါအသင်းကိုကိုင်တွယ်စဉ်က ကွာတားအဆင့်တက်နိုင်ခဲ့သည့် ပယ်လီဂရီနီ က မန်စီးတီးအသင်းအနေဖြင့် ဥရောပအင်အားကြီး အသင်းဖြစ်လာမည်ဟု ယုံကြည်မှုအပြည့်ရှိနေသည်။
"လွန်ခဲ့တဲ့နှစ်နှစ်ဆက် ကျွန်တော်တို့ဘာစီလိုနာနဲ့ ကစားခဲ့ရတယ်။ တကယ်လို့ ဗီလာရီးယဲလ် ဒါမှမဟုတ် မာလာဂါနဲ့သာ ဘာစီလိုနာကိုတွေ့ တယ်ဆိုရင် ဘာစီလိုနာတို့ဒီအဆင့်ကို ကျော်ဖို့ကိုမရှိတာ။ မန်စီးတီးက ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်တို့နဲ့ယှဉ် ရင် နုပါသေးတယ်။
၁၀ နှစ်ကျော်အတွင်း ချန်ပီယံလိဂ်ပုံမှန်ဗိုလ်စွဲလေ့ရှိတဲ့အသင်းတွေနဲ့ယှဉ်ရင် ကျွန်တော်တို့နုပါသေးတယ်။ သိပ်မကြာသေးခင်ကမှ ချန်ပီယံ လိဂ်ကို ကစားခွင့်ရတာဖြစ်ပြီး ကျွန်တော်တို့နှစ်တိုင်း တိုးတက်လာနေပါတယ်။ ဆက်တိုးတက်နေတုန်းပဲဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်စွဲနိုင်တဲ့ အသင်းအဆင့်ကို ရောက်လာမှာပါ"ဟု ပယ်လီဂရီနီက ပြောသည်။
စနေနေ့တွင် စပါးကို ၄-၁ ဂိုးဖြင့်ရှုံးပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁ နေရာကို မြို့ခံပြိုင်ဘက် မန်ယူအသင်းထံလွှဲပေးလိုက်ရ သည့် မန်စီးတီးအသင်းသည် ဗုဒ္ဓဟူးနေ့တွင် မိုချင်ဂလက်ဘတ် အသင်းနှင့် ချန်ပီယံလိဂ်အုပ်စုပွဲ ကစားရမည်ဖြစ်ပြီး ပယ်လီဂရီနီက ဥရောပ အောင်မြင်မှုကိုရည်မှန်းနေချိန်၌ လိဂ်အပေါ်အာရုံစိုက်မှုလည်း လျှော့ချသွားမည်မဟုတ်ဟု ပြောသည်။
Ref; goal.com