အိုင်အက်စ်ကို မတားဆီးနိုင်သည့်အတွက် ပူတင်က အိုဘားမားကို သရော်လှောင်ပြောင်

အိုင်အက်စ်ကို မတားဆီးနိုင်သည့်အတွက် ပူတင်က အိုဘားမားကို သရော်လှောင်ပြောင်

နယူးယောက်၊ စက်တင်ဘာ -၂၈ ။         ။ ရုရှသမ္မတ ဗလာဒီမီယာ ပူတင်က ကုလသမဂ္ဂတွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် မတွေ့ဆုံခင်အချိန်ကလေးတွင် အိုင်အက်စ် အကြမ်းဖက်အုပ်စု ကိုမတားဆီးနိုင်မှုအတွက် အမေရိကန်ကို ပြက်ရယ်ပြုလိုက်ပြီး ရုန်းကန်နေရသည့် ဆီးရီးယားသမ္မတကို အပြည့်အ၀ ထောက်ခံကြောင်းလည်း ပြောကြားခဲ့သည်။

CBS ရုပ်သံနှင့် မိနစ်၆၀စာ အင်တာဗျူးရာတွင် ရုရှသမ္မတ ဗလာဒီမီယာ ပူတင်က ဆီးရီးယားအာဏာရှင် ဘာရှား အာဆတ်ကို ထောက်ခံကြောင်း ရှင်းရှင်းပြတ်ပြတ် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမားကမူ အိုင်အက်စ်အကြမ်းဖက်သမားများက နယ်မြေ၏ တစ်ဝက်ကျော်ကို ထိန်းချုပ်ထားရာ ဆီးရီးယားနိုင်ငံတွင် ရေရှည်တည်တံသော ငြိမ်းချမ်းရေး ရဖို့ဆိုလျှင် အာဆတ် ထွက်ခွာပေးရလိမ့်မည်ဟု ကာလကြာမြင့်စွာကတည်းက ပြောကြားလာခဲ့သည်။

''ဆီးရီးယားရဲ့ တရားဝင်အစိုးရကို ကျနော်တို့ ထောက်ခံပါတယ်။ တရားဝင်အစိုးရကို ဖျက်စီးဖို့လုပ်ရပ်မှန်သမျှက အခု ဒေသတွင်း အခြားနိုင်ငံတွေမှာပါ မြင်နေရတဲ့ အခြေအနေမျိုးကို ဖန်တီးပါလိမ့်မယ်''ဟု ပူတင်က လစ်ဗျားတွင် ဖြစ်ပေါ်နေသည့် ဥပဒေမဲ့အခြေအနေများကို ရည်ညွှွန်းပြောကြားခဲ့သည်။

ပူတင်နှင့် အိုဘားမားတို့နှစ်ဦးမှာ တနင်္လာနေ့တွင် ကုလအထေထွေညီလာခံ၌ မိန့်ခွန်းပြောမည်ဖြစ်ပြီး ဘေးပန်းအနေဖြင့်လည်း မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ တစ်နှစ်နီးပါးကာလ အတွင်းပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံမှုဖြစ်သည်။   

နှစ်ဦးသားမတွေ့ဆုံမီ အကြိုအနေဖြင့် ပူတင်က သွေးချောင်းစီးသော ဆီးရီးယား ပြည်တွင်းစစ်တွင် ရုရှက မည်သို့မည်ပုံ အဦးဆုံး ကြားဝင်စေ့စပ်ခဲ့ပုံနှင့် ပတ်သက်၍ ဝင့်ကြွားဂုဏ်ယူစွာ မီးမောင်းထိုးပြခဲ့ သည်။

၄နှစ်ခွဲ ကြာမြင့်လာခဲ့ပြီဖြစ်သည့် ဆီးရီးယားပြည်တွင်းစစ်တွင် လူပေါင်း ၂၂၀၀၀၀ကျော် သေဆုံးခဲ့ရပြီဖြစ်ပြီး၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် မကြုံစဖူး ထုထည်ကြီးမားလှသည့် ဒုက္ခသည်အကျပ်အတည်း ကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

''သူတို့နိုင်ငံကို ဘယ်သူက ဘယ်လို အုပ်ချုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ခွင့်ရှိတာက ဆီးရီးယားပြည်သူတွေပါပဲ''ဟု ပူတင်က ပြောကြားရင်း အာဆတ်က သူ့ပြည်သူများကို အကြင်နာကင်းကင်းနှင့် ရက်စက်နေသည်ဟူသော အနောက်ကမ္ဘာ၏ ဝါဒဖြန့်မှုများကိုလည်း ငြင်းဆန်ပယ်ချခဲ့သည်။

''ဆီးရီးယားနယ်မြေထဲမှာပဲဖြစ်ဖြစ်၊ အခြားနိုင်ငံတွေမှာပဲဖြစ်ဖြစ် စစ်ဆင်ရေးတွေမှာ ရုရှက ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး။ အနည်းဆုံး အခုအချိန်မှာ အစီအစဉ်မရှိသေးပါဘူး''ဟု ပူတင်က ပြောကြားခဲ့ သည်။

ဆီးရီးယားသူပုန် ၅၀၀၀ကျော်ကို လေ့ကျင့်ပေးရန် ကြိုးစားမှုမှ တိုက်ခိုက်ရေးသမား ၄ - ၅ယောက်သာ ထွက်လာပြီး အစွန်းရောက်စစ်သွေးကြွများနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရစဉ်မှာပင် ၅၀ခန့်မှာ အဖမ်းခံ၊ ဒဏ်ရာရ၊ ထွက်ပြေးသွားကြကြောင်း ပင်တဂွန်၏ မကြာသေးမီက ဝန်ခံချက်ကိုလည်း ပူတင်က သရော်လှောင်ပြောင်ခဲ့သည်။

''၆၀လောက်ကို ကောင်းကောင်းလေ့ကျင့်ပေးလိုက်တဲ့အခါ လက်နက်တပ်ဆင်ပေးလိုက်တဲ့ ၄-၅ယောက်က တိုက်ခိုက်တယ်။ ကျန်တဲ့လူတွေကတော့ အမေရိကန်လက်နက်တွေကိုယူပြီး အိုင်အက်စ်နဲ့ အပြေးအလွှား သွားပေါင်းကြတယ်''ဟု ပူတင်က သရော်လှောင်ပြောင်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly